BTS အဖွဲ့၏ အယ်လ်ဘမ် Billboard တွင် သီတင်းခုနစ်ပတ်အထိ ဆက်လက်ဖော်ပြခံရ

BTS အဖွဲ့၏ အယ်လ်ဘမ် Billboard တွင် သီတင်းခုနစ်ပတ်အထိ ဆက်လက်ဖော်ပြခံရ
Published 12 July 2018

 

ကေပေါ့ပ်အမျိုးသားအဆိုတော်အဖွဲ့ BTS ၏ နောက်ဆုံးထွက်ရှိသည့် Love Your self: Tear အယ်လ်ဘမ်သည်  Billboard 200 စာရင်းတွင် သီတင်းပတ်ခုနစ်ပတ်အထိ ဆက်လက်ဖော်ပြခံနေရဆဲ ဖြစ်သည်။

မေ ၁၈ ရက်က ဖြန့်ချိခဲ့သည့် ယင်းအယ်လ်ဘမ်သည် ဇူလိုင် ၁၁ ရက်တွင် Billboard 200 စာရင်း၏ နံပါတ် ၄၇ နေရာ၌ ဖော်ပြခံခဲ့ရသည်။ ယင်းအယ်လ်ဘမ်တွင် ပါဝင်သည့်  Fake Love သီချင်းသည်လည်း Hot 100  စာရင်းတွင် သီတင်းခြောက်ပတ်ဆက်တိုက် ဖော်ပြခံနေရဆဲဖြစ်သည်။

အဖွဲ့ဝင် ခုနစ်ဦးပါဝင်သည့် BTS အဖွဲ့၏အယ်လ်ဘမ်သည် ၂၀၁၈ ခုနှစ် ပထမနှစ်ဝက်တွင် အမေရိကန်၌ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်အဖြစ်လည်း စံချိန်တင်ခဲ့သည်။ Love Yourself: Tear အယ်လ်ဘမ်သည် ဇွန်လကုန်တွင် အမေရိကန်၌ချပ်ရေ ၁၃၂,၀၀၀ ရောင်းချနိုင်ခဲ့သည်ဟု Forbes မဂ္ဂဇင်း က ဖော်ပြခဲ့သည်။

“BTS အဖွဲ့ကို အောင်မြင်မှုရစေတဲ့ အချက်အလက်တွေ အများကြီးရှိတယ်။ သူတို့ရဲ့ဂီတအရည်အသွေးနဲ့ ပူးပေါင်းဆောင်ရွက်မှုအပြင် သူတို့ရဲ့ပရိသတ် ARMY အပေါ်မှာ အလေးအနက်ထားတာတွေက အယ်လ်ဘမ်ရောင်းအားမြင့်တက်မှုကို အထောက်အပံ့ဖြစ်စေခဲ့တယ်။ လူမှုမီဒီယာမှာ BTS အဖွဲ့ရဲ့ ကြီးမားတဲ့သြဇာလွှမ်းမိုးမှုဟာလည်း သူတို့အဖွဲ့ အမေရိကန်မှာ အောင်မြင်မှုရစေတဲ့ အဓိကအချက်လည်း ဖြစ်တယ်” ဟု  Forbes က ဖော်ပြခဲ့သည်။

ယင်းအဖွဲ့သည် ၂၀၁၈ ခုနှစ် ဇွန်တွင် တိုင်းမ်မဂ္ဂဇင်းက ထုတ်ပြန်ခဲ့သည့် အင်တာနက်တွင် သြဇာလွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ် ၂၅ ဦး စာရင်းတွင်လည်း ပါဝင်ခဲ့သည်။

BTS အဖွဲ့သည်  တတိယမြောက်စတူဒီယို အယ်လ်ဘမ် Love Yourself: Tear အတွက်ကမ္ဘာလှည့်ဖျော်ဖြေပွဲခရီးစဉ်ကို သြဂုတ် ၂၅ ရက်တွင် ဆိုးလ်တောင်ပိုင်းရှိ Jamsil အိုလံပစ်အားကစားရုံတွင် စတင်မည်ဖြစ်ပြီး အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နှင့် နယ်သာလန်တို့တွင်လည်း ဖျော်ဖြေမည်ဖြစ်သည်။

Most Read

Most Recent