တောင်အာဖရိကတွင် ပြုလုပ်မည့် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး ဖျော်ဖြေပွဲ၌ ဘီယွန်းစေးနှင့် ဂျေဇီးက အဓိကအဆိုတော်များအဖြစ် ပါဝင်မည်

တောင်အာဖရိကတွင် ပြုလုပ်မည့် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး ဖျော်ဖြေပွဲ၌ ဘီယွန်းစေးနှင့် ဂျေဇီးက အဓိကအဆိုတော်များအဖြစ် ပါဝင်မည်
Published 11 July 2018

ကွယ်လွန်သူ လူဖြူလူမည်း ခွဲခြားမှုဆန့်ကျင်ရေးပြယုဂ် နယ်ဆင်မင်ဒဲလား၏ အသက် ၁၀၀ ပြည့်မွေးနေ့အတွက် တောင်အာဖရိကမြို့တော် ဂျိုဟန်နက်စဘက်၌ ပြုလုပ်မည့် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး ဖျော်ဖြေပွဲတွင် ဘီယွန်းစေးနှင့် ဂျေဇီးတို့က အဓိကအဆိုတော်များအဖြစ် ဖျော်ဖြေမည်ဟု ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးလှုပ်ရှားမှု Global Citizen က ထုတ်ပြန်ခဲ့သည်။

ဘီယွန်းစေးသည် ၂၀၀၃ ခုနှစ်တွင် HIV၊ AIDS နှင့်ပတ်သက်ပြီး ပညာပေးရန်အတွက် မင်ဒဲလားစီစဉ်သည့် ဖျော်ဖြေပွဲတစ်ခုတွင် ဖျော်ဖြေခဲ့ဖူးသည်။ ယင်းဖျော်ဖြေပွဲကျင်းပခဲ့ပြီး နှစ်နှစ်အကြာတွင် လန်ဒန်ရှိ Trafalgar Square ၌ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် ဖျော်ဖြေပွဲများပြုလုပ်ရန် မင်ဒဲလားက တိုက်တွန်းခဲ့သည်။

ဒီဇင်ဘာ ၂ ရက်တွင် FNB အားကစားကွင်း၌ ပြုလုပ်မည့် ယင်းဖျော်ဖြေပွဲတွင် အက်ဒ်ရှီးရန်၊ ဖာရဲဝီလျံ၊ ခရစ်မာတင်၊ D'banj၊ ဖီမီကူတီ၊ ရှိုမက်ဂျိုဇီ၊ တီဝါဆာဗေ့ဂျ်၊ ဝဇ်ကစ်ဒ်နှင့် Pearl Jam အဖွဲ့၏ အဆိုတော် အက်ဒီဗက်ဒါတို့လည်း ပါဝင်ဖျော်ဖြေမည်ဖြစ်ပြီး ကမ္ဘာ့အဆိုးရွားဆုံး ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ရန်အတွက် ကြိုးပမ်းမှုတွင် ကမ္ဘာ့ခေါင်းဆောင်များပါဝင်ရန် စည်းရုံးမည်ဟု Global Citizen က ဇူလိုင် ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းဖျော်ဖြေပွဲတွင် တောင်အာဖရိက ဟစ်ဟော့ထုတ်လုပ်သူ Cassper Nyovest အပါအဝင် အာဖရိကတိုက်၏ အထင်ရှားဆုံး ဂီတပညာရှင်များလည်း ပါဝင်မည်ဖြစ်သည်။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံကို အကူအညီပေးရန်အတွက် ယင်းဖျော်ဖြေပွဲတွင် လှူဒါန်းငွေ ဒေါ်လာ တစ်ဘီလျံခန့် ရရှိနိုင်ခြေ ရှိသည်ဟု ခန့်မှန်းထားသည်။

၂၀၃၀ ပြည့်နှစ်မတိုင်မီ အလွန်အမင်း ဆင်းရဲမွဲတေမှုအဆုံးသတ်ရန် ရည်ရွယ်သည့် Global Citizen လှုပ်ရှားမှုအဖြစ် ဖျော်ဖြေပွဲများကို ၂၀၁၂ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံကျင်းပစဉ်အတွင်း နယူးယောက်ရှိ Central Park တွင် စတင် ကျင်းပခဲ့သည်။

ဂျိုဟန်နက်စဘက်တွင် ပြုလုပ်မည့် ဖျော်ဖြေပွဲသည် Global Citizen ၏ အကြီးဆုံး ဖျော်ဖြေပွဲဖြစ်ကြောင်း ယင်းလှုပ်ရှားမှုကို ထူထောင်သူ၊ အမှုဆောင်အရာရှိချုပ် ဟျုအီဗန်က ပြောကြားခဲ့သည်။

သမားရိုးကျ ပရဟိတဖျော်ဖြေပွဲများနှင့် မတူသည်မှာ Global Citizen ဖျော်ဖြေပွဲ လက်မှတ်များသည် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုတွင် ကူညီပံ့ပိုးပေးရန် အစိုးရများကို စာရေးသားတိုက်တွန်းခြင်း အစရှိသည့် လှုပ်ရှားမှုများအား လုပ်ဆောင်ခဲ့သူများကို အခမဲ့ ပေးဝေခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent