ဝှစ်တနီဟူစတန်၏ မှတ်တမ်းရုပ်ရှင်ကို အမေရိကန်တွင် ဖြန့်ချိ

ဝှစ်တနီဟူစတန်၏ မှတ်တမ်းရုပ်ရှင်ကို အမေရိကန်တွင် ဖြန့်ချိ
Published 9 July 2018

ကွယ်လွန်သူ အဆိုတော် ဝှစ်တနီဟူစတန်၏ ဝမ်းနည်းပူဆွေးဖွယ် ဘဝအကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင် Whitney ကို ဇူလိုင် ၆ ရက်တွင် အမေရိကန်၌ ဖြန့်ချိခဲ့သည်။

ဟူစတန် ကလေးအရွယ်တွင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု အကြောင်းထည့်သွင်း ရိုက်ကူးထားသည့် ယင်းမှတ်တမ်းရုပ်ရှင် ရိုက်ကူးရေးတွင် ၎င်း၏ မိသားစုဝင်များက ပူးပေါင်းပါဝင်ခဲ့သည်။ အော်စကာဆုရ ဒါရိုက်တာ ကီဗင်မက်ဒေါ်နယ် ရိုက်ကူးသည့် ယင်းမှတ်တမ်းရုပ်ရှင်ကို မေတွင် ကျင်းပခဲ့သည့် ကိန်းရုပ်ရှင်ပွဲတော်၌ ပွဲဦးထွက် ပြသခဲ့သည်။

ယင်းမှတ်တမ်းရုပ်ရှင်တွင် ဟူစတန်၏ တစ်ကြိမ်မျှ ထုတ်ပြန်ခဲ့ဖူးခြင်း မရှိသည့် ဗီဒီယိုများနှင့် ခင်ပွန်းဖြစ်သူ ရက်ပ်အဆိုတော် ဘော်ဘီဘရောင်းနှင့် ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့သည့် အကြောင်းအရင်းကိုလည်း ထည့်သွင်းရိုက်ကူးထားသည်။ ဟူစတန်နှင့် ဘရောင်းသည် ၁၉၉၂ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး အိမ်ထောင်သက် ၁၄ နှစ်အကြာတွင် ကွာရှင်းခဲ့သည်။

ဟူစတန် သေဆုံးမှုသည် မူးယစ်ဆေးသုံးစွဲမှုနှင့် ပတ်သက်မှုမရှိဟု ဘရောင်းက ပြောကြားခဲ့သော်လည်း သေမှုသေခင်း စုံစမ်းစစ်ဆေးရေး အရာရှိကမူ မူးယစ်ဆေးသည် အဓိကအချက်အဖြစ် ပါဝင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

ယင်းမှတ်တမ်းရုပ်ရှင်တွင် ဟူစတန်နှင့် ဘရောင်းတို့က သမီးဖြစ်သူ ဘော်ဘီခရစ္စတီးနားဘရောင်းကို ပစ်ပယ်ထားမှုကိုလည်း ထည့်သွင်းရိုက်ကူးထားသည်။

“ဟူစတန်နဲ့ တွေ့ဆုံမေးမြန်းခဲ့ရာမှာ သူ့ရဲ့အဆင်မပြေဖြစ်ခဲ့တဲ့ အကြောင်းအရင်းတွေ အများကြီးကို သိခဲ့ရတယ်” ဟု ကီဗင်မက်ဒေါ်နယ်က ပြောကြားခဲ့သည်။

ဟူစတန်သည် ၁၉၉၂ ခုနှစ်တွင် The Bodyguard ဇာတ်ကားဖြင့် သရုပ်ဆောင်လောကသို့ ဝင်ရောက်ခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် ကျော်ကြားသည့် ပေါ့ပ်အဆိုတော်တစ်ဦးဖြစ်သော ဟူစတန်သည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ဘီဗာလီဟေး၊ ဟီလ်တန် ဟိုတယ်ရှိ ရေချိုးကန်ထဲတွင် သေဆုံးခဲ့သည်။

နှလုံးရောဂါနှင့် ကိုကင်း သုံးစွဲမှုသည် ဟူစတန်သေဆုံးရသည့် အဓိက အကြောင်းရင်းဖြစ်သည်ဟု သေမှုသေခင်းစုံစမ်းရေး အရာရှိ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

Most Read

Most Recent