<

Spider-Man နှင့် Doctor Strange ဇာတ်ကောင်တို့ကို ပူးတွဲဖန်တီးခဲ့သည့် ကာတွန်းဆရာ စတီဗ်ဒစ်ကို ကွယ်လွန်

မာဗယ်၏ စူပါဟီးရိုးဇာတ်ကောင်များဖြစ်သည့် Spider-Man နှင့် Doctor Strange တို့ကို စတန်းလီနှင့်အတူ ပူးတွဲဖန်တီးခဲ့သည့် အမေရိကန်ကာတွန်းဆရာ စတိဗ်ဒစ်ကိုသည် ဇွန် ၂၉ ရက်တွင် ကွယ်လွန်ခဲ့သည်ဟု တာဝန်ရှိသူများက ဇူလိုင် ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အသက် ၉၀ အရွယ်ရှိ ဒစ်ကိုသည် မက်ဟက်တန်ရှိ ၎င်း၏တိုက်ခန်းတွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု Hollywood Reporter က ဖော်ပြခဲ့သော်လည်း အသေးစိတ်ကို အတည်မပြုခဲ့ပေ။

၁၉၂၇ ခုနှစ်တွင် မွေးဖွားခဲ့သည့် ဒစ်ကိုသည် Marvel Comic ၏ အမှုဆောင်အရာရှိချုပ်ဖြစ်လာမည့် စတန်းလီနှင့် ၁၉၆၀ ပြည့်လွန် အစောပိုင်းနှစ်များတွင် ကာတွန်းဇာတ်ကောင်များကို ပူးတွဲဖန်တီးခဲ့သည်။ ဒစ်ကိုသည် Spider-Man ၏ အထင်ကရ အနီရောင်နှင့်အပြာ ရောစပ်ထားသည့်ဝတ်စုံနှင့် ၎င်း၏လက်ကောက်ဝတ်တွင် ၀တ်ဆင်သည့် web-shooters ကိရိယာကို ဖန်တီးခဲ့သူဖြစ်သည်။

“စတိဗ်ကွယ်လွန်သွားတဲ့အတွက် မာဗယ်မိသားစုက ၀မ်းနည်းပူဆွေးရပါတယ်။ စတိဗ်က Marvel Universe ကို ပြောင်းလဲစေခဲ့သူပါ။ သူဖန်တီးတဲ့အနုပညာတွေက ဘယ်တော့မှမေ့လျော့မှာ မဟုတ်ပါဘူး” ဟု Marvel Entertainment ၏ ဥက္ကဋ္ဌ Dan Buckley က ဇူလိုင် ၇ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဒစ်ကိုသည် လီသည် သဘောထားကွဲလွဲမှု ဖြစ်ပွားမှုကြောင့် ၁၉၆၆ ခုနှစ်တွင် မာဗယ်မှ ထွက်ခွာခဲ့သည်။ ၎င်းသည် DC Comics အပါအ၀င် အခြားထုတ်ဝေသူများအတွက် ကာတွန်းဇာတ်ကောင်များ ဖန်တီးပေးခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် မာဗယ်အတွက် ကာတွန်းဇာတ်ကောင်ကို ထပ်မံရေးဆွဲပေးခဲ့သည်။

“စတိဗ်က Spider-Man ဇာတ်ကောင်ကို ပူးတွဲဖန်တီးသူအဖြစ်ပဲ ကျော်ကြားတာမဟုတ်ပါဘူး။ DC အတွက် Question နဲ့ Hawk and Dove ဇာတ်ကောင်တွေကို ဖန်တီးသူအဖြစ်လည်း ကျော်ကြားခဲ့တဲ့ အနုပညာရှင်တစ်ဦးပါ” ဟု DC Entertainment ၏ အမှုဆောင် တီထွင်ဖန်တီးမှုအရာရှိ ဂျင်လီက Twitter တွင် ရေးသားခဲ့သည်။

July 9, 2018














Copy Protected by Chetan's WP-Copyprotect.