ပိုလန်နိုင်ငံ ဝါဆောမြို့ရှိ အနုပညာပြတိုက်တွင် မြန်မာပန်းချီဆရာမ ခြူးဝေငြိမ်း၏ တစ်ကိုယ်တော်ပန်းချီပြပွဲ ပြသလျက်ရှိ

ပိုလန်နိုင်ငံ ဝါဆောမြို့ရှိ အနုပညာပြတိုက်တွင် မြန်မာပန်းချီဆရာမ ခြူးဝေငြိမ်း၏ တစ်ကိုယ်တော်ပန်းချီပြပွဲ ပြသလျက်ရှိ
Published 4 July 2018

မြန်မာနိုင်ငံမှ ပန်းချီဆရာမခြူးဝေငြိမ်း ပိုလန်နိုင်ငံ၏ မြို့တော်ဖြစ်သည့် ဝါဆောမြို့ရှိ အနုပညာပြတိုက်တွင်ပြုလုပ်လျက်ရှိသည့် တစ်ကိုယ်တော်ပန်းချီပြပွဲကို ဇူလိုင် ၃ ရက်မှ စတင်ပြီး Solec 24,00 - 403 Warszawa, Poland ရှိ Asia and Pacific Museum  ၌ ပြသနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပန်းချီပြပွဲတွင် ရတနာပုံခေတ် ပုရပိုက်အဟောင်းထဲမှ အပျိုတော်တစ်ရာ ရုပ်ပုံလွှာတွေနှင့် ပစ္စုပ္ပန်အမျိုးသမီးတို့၏ ဝတ်စားဆင်ယင်မှု ၊အနေအထိုင်ပုံစံများကို သူ့ခေတ်သူ့အခါအလိုက် ကွဲပြားခြားနားမှုများကို ပုံဖော်ဖန်တီးထားသည့် ပန်းချီကားများအား ပြသထားသည်။

“ ဒီမှာ ပွဲလုပ်တဲ့အတွေ့အကြုံအဖြစ် ထူးခြားတာလေးတွေတော့ သိပ်မရှိပါဘူး။ ဒါပေမဲ့ ဒီဝါစောက ပြတိုက်လေးမှာ ပါဝင်ခွင့်ရဖို့ဆိုတာ ကိုယ့်အိပ်မက်လေးတစ်ခုဖြစ်သလို အခုလို ပထမဆုံး အခွင့်အရေးလေးအတွက်လည်း စိတ်လှုပ်ရှားနေပါတယ်။ ပန်းချီကားတွေကို သင်္ဘောနဲ့ပို့ရတယ်။ နှစ်လလောက် ကြိုပြီးတော့ ဒီမှာ ဘောင်ပြန်သွင်းတာတွေ လုပ်ရတယ်။ ခံစားချက်ကတော့ နည်းနည်း စိတ်ပူတယ်။ အားလုံးကလည်း အကုန်သေချာပံ့ပိုးပြီး ပြပွဲလေးဖြစ်မြောက်အောင် ကူညီ ပေးထားတော့ ကိုယ့်ဘက်ကလည်း ပန်းချီကားတွေနဲ့  တစ်ဆင့်ထိုက်တန်တဲ့ ပျော်ရွှင်ကျေနပ်မှုလေး ပေးချင်တယ်။ ပြပွဲစီစဉ်ပေးရတာ ပင်ပန်းရကျိုးနပ်စေချင်တာ နိုင်ငံမတူ ဓလေ့စရိုက်မတူတော့ ကိုယ့်မြန်မာတစ် ယောက်အမြင်နဲ့ ဖန်တီးထားတာတွေ စိတ်ဝင်စားမှု ရှိပါ့မလားလို့ စိတ်တော့ နည်းနည်းပူတယ်။ စိတ်ပူတဲ့ ခံစားချက်ပြီးသွားတော့ ပျော်တာပေါ့။ ဒီလိုပြဖို့ အခွင့်အရေးရတဲ့ နောက်ထပ် ပန်းချီတွေ ထပ်ဆွဲဖို့ အားတက်ရပါတယ်။ ဒီပွဲမှာ ထူးခြားတာက မြန်မာပြည်က ပိတ်စတွေပေါ်မှာ အခရိုင်းလစ်နဲ့  မတူညီ ကွဲပြားတဲ့ အမျိုးသမီးလေးတွေကို ဖန်တီးရေးဆွဲထားတယ်။ ကိုယ်တိုင်လက်နဲ့ ပြုလုပ်ရတာ ဖြစ်တဲ့အတွက် နိုင်ငံခြားကလာတဲ့ အော်ရယ်ဂျင်နယ်ကင်းဗတ်တွေလောက် မညီညာတာတွေ ရှိတယ်။ နိုင်ငံတကာစံချိန်မီအောင်တော့ ကိုယ်တိုင်လက်နဲ့ လုပ်တယ်။ လုပ်ရင်းနဲ့ တွေ့တာတစ်ခုက ချည်ထည်တွေကို ကင်းဗတ်ကို အသုံးပြုချင်တာ၊ စစချင်းတော့ ဘယ်လိုမှ အဆင်မပြေဘူး။ အရောင်တွေ၊ နောက်ခံချိတ်အဆင်တွေပါပြီးသားဆိုတော့ တစ်နှစ်ခွဲလောက် စမ်းသပ်ပြီးတော့မှ အောင်မြင်တယ်လို့ ပြောလို့ရတယ်။အဲဒီနောက်ပိုင်း ဆက်တိုက် ချည်ထည်တွေပေါ်မှာပဲ ဆွဲဖြစ်တယ်။ အမျိုးသမီးပုံလေးတွေချည်းပါပဲ”ဟု ပန်းချီခြူးဝေငြိမ်းက ပြောကြားသည်။

ပန်းချီခြူးဝေငြိမ်းသည် ၂၀၁၄ ခုနှစ်တွင်  SPEED အမည်ရှိ တစ်ကိုယ်ပန်းချီပြပွဲကို စတင်ပြုလုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် SYNONYMOFSELF နှင့် Verites Alternatives ပြပွဲများကို ပြုလုပ်ခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လတွင် ခု၊ ဆယ်၊ ရာအမည်ဖြင့် မြန်မာနိုင်ငံတွင် တစ်ကိုယ်တော်ပန်းချီပြပွဲအား ပြသခဲ့ပြီး ပြင်သစ်နိုင်ငံတွင် Our Turn Now  အမည်ဖြင့် တစ်ကိုယ်တော်ပန်းချီပြပွဲကို ဇွန်လအတွင်း ပြသခဲ့သည်။

Most Read

Most Recent