Jurassic World: Fallen Kingdom ဇာတ်ကား ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ သန်း ၈၀၀ ကျော် ရရှိ

Jurassic World: Fallen Kingdom ဇာတ်ကား ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ သန်း ၈၀၀ ကျော် ရရှိ
Published 2 July 2018

အမေရိကန် စိတ်ကူးယဉ် သိပ္ပံစွန့်စားဇာတ်ကား Jurassic World: Fallen Kingdom သည် ဖြန့်ချိပြီး သီတင်းနှစ်ပတ်အတွင်း ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ ၈၂၆ သန်းကျော် ရရှိခဲ့သည်။

Jurassic World အပန်းဖြေဥယျာဉ်တွင် Indominus ဒိုင်နိုဆော လွတ်မြောက်ခဲ့ပြီး အန္တရာယ်ပြုသည့် ဖြစ်ရပ်များဖြစ်ပွားခဲ့ပြီး သုံးနှစ်အကြာတွင် Jurassic World ၏ စီမံခန့်ခွဲမှု မန်နေဂျာဟောင်းဖြစ်သည့် Claire Dearing က Isla Nublar ကျွန်းတွင် မီးတောင်ပေါက်ကွဲမှု မဖြစ်မီ ဒိုင်နိုဆောများကို ကယ်တင်ရန် ကြိုးစားသည့် အကြောင်း ရိုက်ကူးထားသည့် ယင်းဇာတ်ကားတွင် ခရစ်ပရတ်နှင့် Bryce Dallas Howard တို့က မူလဇာတ်ကောင်များအဖြစ် ပါဝင် သရုပ်ဆောင်ထားသည်။ မူလဇာတ်ကား Jurassic Park ၏ ဒါရိုက်တာ စတီဘင်စပီးဘာ့ဂ်က ယင်းဇာတ်ကားတွင် အမှုဆောင် ထုတ်လုပ်သူအဖြစ် ပါဝင်ခဲ့သည်။ Jurassic Park ၏ ပဉ္စမမြောက် ဇာတ်ကားဖြစ်သည့် Jurassic World: Fallen Kingdom ဇာတ်ကားကို ဗြိတိန်နှင့် ဟာဝိုင်အီတို့တွင် ဒေါ်လာသန်း ၁၇၀ နှင့် ဒေါ်လာသန်း ၁၈၀ ကျော်အကြား ကုန်ကျခံ ရိုက်ကူးခဲ့သည်ဟု သိရသည်။

ယင်းဇာတ်ကား၏ဇာတ်ညွှန်းကို ကောလင်းထရီဗောရိုးနှင့် Derek Connolly တို့က ရေးသားခဲ့ပြီး ဒါရိုက်တာက J. A. Bayona က ရိုက်ကူးခဲ့သည်။ Jurassic World Fallen Kingdom ဇာတ်ကားတွင် ဒါရိုက်တာ Bayona ၏ ရိုက်ကူးမှု အတတ်ပညာနှင့် ခရစ်ပရတ်၏
သရုပ်ဆောင်မှုကို ဝေဖန်ရေးသမားများက ချီးကျူးခဲ့သည်။ ယင်းဇာတ်ကား၏ နောက်ဆက်တွဲဇာတ်ကားကို ထရီဗောရိုးက ဒါရိုက်တာအဖြစ် ဦးစီးရိုက်ကူးမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇွန် ၁၁ ရက်တွင် ဖြန့်ချိရန် စီစဉ်ထားသည်ဟု Universal Pictures က ထုတ်ပြန်ခဲ့သည်။ ယင်းဇာတ်ကားတွင်လည်း ခရစ်ပရတ်နှင့် Bryce Dallas Howard တို့ ပြန်လည်ပါဝင်မည်ဟု သိရသည်။

Most Read

Most Recent