သရုပ်ဆောင်တေးသံရှင် မိုရီဆာကီဝင်း ကျေးရွာများသို့ သွားရောက်နေထိုင်ကာ ရုပ်သံအစီအစဉ် ရိုက်ကူးထားပြီး မကြာမီ ထုတ်လွှင့်ပြသမည်

သရုပ်ဆောင်တေးသံရှင် မိုရီဆာကီဝင်း ကျေးရွာများသို့ သွားရောက်နေထိုင်ကာ ရုပ်သံအစီအစဉ် ရိုက်ကူးထားပြီး မကြာမီ ထုတ်လွှင့်ပြသမည်
Published 2 July 2018

သရုပ်ဆောင်တေးသံရှင် မိုရီဆာကီဝင်းသည် ယခုတစ်ခေါက် လာရောက်ခဲ့သည့် မြန်မာနိုင်ငံခရီးစဉ်တွင် ကျေးလက်ဒေသများသို့ သွားရောက်နေထိုင်ခဲ့ကာ ရုပ်သံအစီအစဉ်တစ်ခုကို ရိုက်ကူးထားပြီး ယင်းအစီအစဉ်ကို မကြာမီ ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မိုရီဆာကီဝင်းသည် ဇွန်လလယ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ အဆိုပါ အစီအစဉ်တွင် ကျေးလက်ဒေသများသို့ သွားရောက်ပြီးနောက် ကျေးလက်ဒေသ အစားအသောက်များ စားသောက်ခြင်း၊ ကျေးလက်ဒေသ၏ နေထိုင်မှုပုံစံများဖြင့် နေထိုင်ခြင်းများအား ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

“ကျွန်တော်ဆယ်နှစ်သားအထိ မြန်မာနိုင်ငံမှာ နေခဲ့ဖူးပေမယ့် အခုသွားရောက်ခဲ့တဲ့ဒေသတွေကို မရောက်ဖူးပါဘူး။ တကယ်တမ်း အခုသွားဖြစ်တဲ့အခါ သူတို့စိတ်တွေ အေးနေလို့လားတော့ မသိဘူး။ အရမ်းအေးချမ်းပါတယ်။ နေရတာ အဲကွန်းမလိုပါဘူး။ အရမ်းလည်း နေလို့ကောင်းတယ်။ ပျော်စရာလည်း ကောင်းပါတယ်။ သူတို့နေထိုင်မှုပုံစံတွေနဲ့ နေထိုင်ဖြစ်တယ်။ အစားအသောက်တွေ စားခွင့်ရတယ်။ အရမ်းပျော်ခဲ့ပါတယ်။ အဲဒါတွေကို ရိုက်ထားတဲ့အစီအစဉ်က မကြာခင် လာပါလိမ့်မယ်။ ကျွန်တော့်ရဲ့ အစီအစဉ် ထုတ်လွှင့်တဲ့အခါလည်း အားပေးစေချင်ပါတယ်။ ကျွန်တော် နောက်ထပ်လည်း မြန်မာနိုင်ငံမှာ အနုပညာလုပ်ငန်းတွေလုပ်စရာ ရှိသေးတာကြောင့် လာဖြစ်မှာပါ။ အဲဒီအတွက်ပရိသတ်တွေလည်း အားပေးဖို့ပြောချင်ပါတယ်” ဟု သရုပ်ဆောင်တေးသံရှင် မိုရီဆာကီဝင်းက ဆိုသည်။

သရုပ်ဆောင်တေးသံရှင် မိုရီဆာကီဝင်းသည် Fujifilm Myanmar နှင့် Brand Ambassador အဖြစ် လက်တွဲလုပ်ကိုင်ရန် စာချုပ်ချုပ်ဆိုထားပြီး Fujifilm Myanmar ၏ ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲသို့ တက်ရောက်ခဲ့ခြင်းလည်းဖြစ်သည်။ အဆိုပါ အခမ်းအနားတွင် မြန်မာပရိသတ်များအတွက် ရည်ရွယ်ကာ ကိုယ်တိုင်ရေးဖွဲ့ထားသည့် တေးသီချင်းဖြင့်လည်း ဖျော်ဖြေတင်ဆက်ခဲ့သည်။ မိုရီဆာကီဝင်းသည် မေလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ်ကလည်း ဂျပန်ရုပ်သံလိုင်းမှ လိုက်ပါလာခဲ့ပြီး မိုရီဆာကီဝင်း၏ ငယ်စဉ်ဘဝအမှတ်တရ အစီအစဉ်ကို မြန်မာနိုင်ငံတွင် လိုက်ပါရိုက်ကူးခဲ့သည်။ အဆိုပါ အစီအစဉ်အား ဂျပန်ရုပ်သံလိုင်းတွင် ဇွန်လအတွင်း ပြသခဲ့ရာ ပရိသတ်စိတ်ဝင်စား အားပေးမှုများပြားခဲ့ကြောင်း သိရသည်။

မိုရီဆာကီဝင်း ပါဝင်သရုပ်ဆောင်ထားကာ ဂျပန်မြန်မာချစ်ကြည်ရေးအဖြစ် ပုံဖော်ရိုက်ကူးထားသည့် ဇာတိမြေဇာတ်ကားသည်လည်း ရုံတင်ပြသရက်ရရှိထားပြီးဖြစ်ကာ မကြာမီစတင်ပြသသွားရန် စီစဉ်ထားကြောင်း သိရသည်။

ယင်းဇာတ်ကားတွင် သရုပ်ဆောင် အကယ်ဒမီရန်အောင်၊ မိုရီဆာကီဝင်း၊ အောင်ရဲလင်း၊ အကယ်ဒမီ ဝတ်မှုန်ရွှေရည်နှင့် သရုပ်ဆောင်များစွာ ပါဝင်ထားသည်။