ထူးအိမ်သင်မွေးနေ့အမှတ်တရအဖြစ် ချစ်ခြင်းအားဖြင့် ၅၅ ဟု အမည်ပေးထားသည့် ပန်းချီဘီညို၏ တစ်ကိုယ်တော်ပန်းချီပြပွဲ ပြုလုပ်လျက်ရှိ

ထူးအိမ်သင်မွေးနေ့အမှတ်တရအဖြစ် ချစ်ခြင်းအားဖြင့် ၅၅ ဟု အမည်ပေးထားသည့် ပန်းချီဘီညို၏ တစ်ကိုယ်တော်ပန်းချီပြပွဲ ပြုလုပ်လျက်ရှိ
Published 30 June 2018

ထူးအိမ်သင်အမှတ်တရပန်းချီပြပွဲတွင် ပြသထားသည့် ပန်းချီလက်ရာများအား တွေ့ရစဉ်

ထူးအိမ်သင် မွေးနေ့အမှတ်တရအဖြစ် ချစ်ခြင်းအားဖြင့် ၅၅ ဟု အမည်ပေးထားသည့် ပန်းချီဘီညို၏ တစ်ကိုယ်တော်ပန်းချီ ပြပွဲကို ဇွန် ၂၉ ရက်မှ ဇူလိုင် ၃ ရက်အထိ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ 43 Art Gallery တွင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါပန်းချီပြပွဲတွင် အဆိုတော် ထူးအိမ်သင်သီချင်းများနှင့် သူ၏ပုံတူပန်းချီ၊ ကာရီကေးချား ၅၅ ကားအား ပြသထားပြီး ဇူလိုင် ၁ ရက်တွင်ကျရောက်မည့် ၎င်း၏မွေးနေ့အ မှတ်တရအဖြစ် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရ သည်။

“သူသာ အသက်ရှင်နေဦးမယ်ဆိုရင် ၅၅ နှစ်ပြည့်ပြီ။ သူရဲ့ပုံတူပန်းချီကားတွေကို ပန်းချီဆရာတွေက တစ်ပုံနှစ်ပုံလောက်ရေးကြပါတယ်။ ထူးအိမ်သင်ဆိုတာက ကျွန်တော်တို့ခေတ်နဲ့အတူ ဖြတ်သန်းလာတယ်လို့ပြော လို့ရတယ်။ သူ့ကိုလည်း တကယ်ကို ကြိုက်တယ်။ အဲဒီလိုပုဂ္ဂိုလ်မျိုးအတွက် အခုလို သူ့ ရဲ့  ၅၅ နှစ်မြောက်မွေးနေ့ မှာ ပန်းချီပြပွဲလေး လုပ်ပေးတာပါ။ ကျွန်တော့်စိတ်ထဲမှာ မြင်တဲ့တွေ့တဲ့ ထူးအိမ်သင်ပုံရိပ်တွေကို ပန်းချီကားတွေအဖြစ် ပုံဖော်ရေးဆွဲထားတာပါ။ သူနဲ့  တသွေမသိမ်း တူတာတွေတော့ မဟုတ်ပါဘူး။ ပုံလေးတွေမှာဆိုရင် သူရဲ့ဂစ်တာလေးတွေ၊ သီချင်းစာသားလေးတွေကိုလည်း နောက်ခံထားပြီး ဆွဲထားတာမျိုးတွေပါတယ်။ ၅၅ ကား ပြသထားတာဆိုတော့ လာရောက် ကြည့်ရှုသူတွေအနေနဲ့ ၅၅ မျိုးသော ရသတွေ ခံစားရမှာပါ” ဟု ပန်းချီနှင့် ကာရီကေးချားပညာရှင် ဘီညို က ပြောကြားသည်။

ယခုပြသနေသည့် ထူးအိမ်သင် အမှတ်တရ ပန်းချီပြပွဲသည် ပန်းချီနှင့်  ကာရီကေးချားပညာရှင် ဘီညိအနေဖြင့် ဒုတိယအကြိမ် ကျင်းပခြင်းပြီး ပုဂံဒေသထွက် ယွန်းထည်ပစ္စည်းများပေါ်တွင် ထူးအိမ်သင်၏ ပုံရိပ်များအား ရေးဆွဲထားသည်များလည်း ပါဝင်ကြောင်း သိရသည်။

Most Read

Most Recent