YouTube က ဂျော့ကလူးနီ၊ ခရစ်စတင်းဒတ်စ်တို့နှင့်တွဲပြီး လျှို့ဝှက်ဇာတ်မြူး ဇာတ်လမ်းတွဲ ထုတ်မည်

YouTube က ဂျော့ကလူးနီ၊ ခရစ်စတင်းဒတ်စ်တို့နှင့်တွဲပြီး လျှို့ဝှက်ဇာတ်မြူး ဇာတ်လမ်းတွဲ ထုတ်မည်
Published 27 June 2018

YouTube Premium သည် လျှို့ဝှက်ဇာတ်မြူး ဇာတ်လမ်းတွဲတစ်ခုကို ဂျော့ကလူးနီ၊ ခရစ်စတင်းဒတ်စ်တို့နှင့် လက်တွဲထုတ်လုပ်မည်ဟု ယင်းသဘောတူညီချက်နှင့် နီးစပ်မှုရှိသည့် သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။ ယင်းဇာတ်လမ်းတွဲထဲ၌ ခရစ်စတင်းဒတ်စ်လည်း ပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။

အွန်လိုင်းဗီဒီယို တိုက်ရိုက်ကြည့်ရှုနိုင်သည့် ဈေးကွက်တွင် Netflix၊ Amazon၊ Hulu နှင့် Apple အစရှိသည့် ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်မှုပြင်းထန်နေစဉ် YouTube က ဟောလိဝုဒ်မှ နာမည်ကြီးနှစ်ဦးနှင့် ပူးပေါင်းလိုက်ခြင်းဖြစ်သည်။ Google က ပိုင်ဆိုင်သည့် YouTube ၏ Premium ဝန်ဆောင်မှု၌ တစ်လလျှင် ၁၂ ဒေါ်လာဖြင့် ဗီဒီယိုများကို Original Content များနှင့်အတူ ကြော်ငြာမပါဘဲ ကြည့်ရှုနိုင်မည်ဖြစ်သည်။ အွန်လိုင်းဗီဒီယိုယှဉ်ပြိုင်မှုတွင် Original Content သည် ရှေ့တန်းစစ်မျက်နှာတစ်ခုဖြစ်လာခဲ့ပြီး Netflix နှင့် Amazon Prime တို့သည် ရုပ်သံအစီအစဉ်များအတွက် ဒေါ်လာဘီလျံနှင့်ချီ၍ သုံးစွဲနေသည်။

ဂျော့ကလူးနီ၊ ခရစ်စတင်းဒတ်စ်တို့နှင့် ပူးတွဲထုတ်လုပ်မည့် YouTube ၏ ယခုဇာတ်လမ်းတွဲအမည်မှာ On Becoming a God in Central Florida ဖြစ်သည်။ ဇာတ်လမ်းမှာမူ အမေရိကန်တွင် လုပ်ငန်းသစ်များ စတင်ရန် အရူးအမူးဖြစ်နေကြပုံများနှင့် အိပ်မက်ကို အကောင်အထည်ဖော်ရန် ပြင်းပြစွာ ကြိုးပမ်းနေသည့် အမျိုးသမီးတစ်ဦးအကြောင်းကို အခြေတည်ထားခြင်းဖြစ်သည်။ ၁၉၉၀ ပြည့်လွန်နှစ်ဝန်းကျင်က ခေတ်အခြေအနေကို အခြေတည်ထားသော ထိုစီးရီးကို လာမည့်နှစ်တွင် ကြည့်ရှုနိုင်ပြီဖြစ်သည်။

တရားဝင်အမည် YouTube Red ဖြစ်သော YouTube Premium သည် ၎င်း၏ ပထမဆုံးအကြီးစား မူရင်းစီးရီးဖြစ်သော Cobra Kai နှင့် အောင်မြင်မှုရရှိခဲ့ပြီးဖြစ်သည်။ ကိုယ်ခံပညာအကြောင်းဇာတ်လမ်းတွဲဖြစ်သော Cobra Kai ၏ ပထမဆုံးအပိုင်း (Episode) အား ကြည့်ရှုသူသန်း ၄၀ ကျော်ရှိခဲ့ပြီး မေ ၂ ရက်က စတင်ပြသခဲ့သည်။ ရုပ်ရှင်အကဲဖြတ်ရေးဝက်ဘ်ဆိုက် Rotten Tamatoes ၌ ရာနှုန်းပြည့် သုံးသပ်ချက် ရရှိထားသော Cobra Kai ကို ယခုအခါ Season 2 ထုတ်လုပ်ရန် လုပ်ဆောင်နေကြပြီဖြစ်သည်။

Most Read

Most Recent