ဇူလိုင်လအတွင်း ရန်ကုန်မြို့၌ ကျင်းပမည့်’ထိုင်းရုပ်ရှင်ပွဲတော်’တွင် ဇာတ်ကားလေးကားပြသမည်

ဇူလိုင်လအတွင်း ရန်ကုန်မြို့၌ ကျင်းပမည့်’ထိုင်းရုပ်ရှင်ပွဲတော်’တွင် ဇာတ်ကားလေးကားပြသမည်
Published 24 June 2018

‘ထိုင်း-မြန်မာ သံတမန်ဆက်ဆံရေးနှစ် ၇၀ ပြည့်’ အထိမ်းအမှတ်အဖြစ် ‘ ထိုင်းရုပ်ရှင် ပွဲတော်’ကို ရန်ကုန်မြို့၌ ဇူလိုင်လအတွင်း ကျင်းပသွားမည်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကား လေးကားပြသမည်ဟု သိရသည်။

အဆိုပါရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှ စီစဉ်ကျင်းပခြင်းဖြစ်ပြီး  ယင်းရုပ်ရှင်ပွဲတော်တွင် ခေတ်ပေါ်ယဉ်ကျေးမှုနှင့်အနုပညာကို ထင်ဟပ်ပြသနိုင်သည့် ရုပ်ရှင်ဇာတ်ကားလေးကားကို ပြသရန် ရွေးချယ်ထားသည်ဟု သိရသည်။

ရန်ကုန်မြို့၌ ကျင်းပမည့် ‘ ထိုင်းရုပ်ရှင်ပွဲတော်’၌ ဉာဏ်ကောင်းသော်လည်း ငွေကြေးမပြည့်စုံသည့် ထိုင်းလူငယ်လေးနှစ်ဦး သည် နိုင်ငံတကာ၌ ကျင်းပသည့် အင်္ဂလိပ်စာ စာမေးပွဲတစ်ခုအား ထိုင်းနိုင်ငံ၌ဖြေဆိုမည့် လူငယ်များအတွက် အဖြေများကို စာပေးပွဲချိန်မတိုင်မီ ကြိုတင်သိရှိနိုင်ရန် ငွေကြေးယူ ကာ ကြိုးစားပေးသည်များကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားသည့် Bad Genius ရုပ်ရှင်ဇာတ်ကား၊ မြန်မာပရိသတ်များအကြား ရေပန်းစားလူကြိုက်များခဲ့သည့် ‘Pee-Mak Phra -Khanong’ ဇာတ်ကား၊ အလွန်ချစ်ကြသည့် သူငယ်ချင်းနှစ်ယောက်မိဘများ၏ စီးပွားရေးအဆင်မပြေမှုများအကြားတွင် စိတ်ညစ်ကာ အတူသတ်သေရန်စီစဉ်ခဲ့ပြီး နောက်ဖြစ်ပေါ်လာသည်များကို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးတင်ဆက်ထားသည့် သည်းထိတ်ရင်ဖိုဇာတ်ကား ‘The Promise’ ထိုင်း နှင့် မြန်မာ အနုပညာရှင်များပူးပေါင်းရိုက်ကူးထားသည့် ‘ From Bangkok to Mandalay’ ဇာတ်ကားကိုပြသသွားမည်ဟုသိရသည်။

‘From Bangkok to Mandalay’ ရုပ်ရှင်ဇာတ်ကားတွင် အကယ်ဒမီနေတိုး၊ အကယ်ဒမီ ဝတ်မှုန်ရွှေရည်၊ စိုင်းစိုင်းခမ်းလှိုင် တို့နှင့်အတူ ထိုင်းမင်းသမီး Naam Whan Pilaiporn တို့ အဓိကပါဝင်သရုပ်ဆောင်ထားသည့် ဇာတ်ကားဖြစ်သည်။

ထိုင်းရုပ်ရှင်ပွဲတော်ကို ဇူလိုင် ၆ ရက်မှ ၈ ရက်အထိ ရန်ကုန်မြို့ Junction City ရှိ JCGV ရုပ်ရှင်ရုံများ၌ ကျင်းပသွားမည်ဖြစ်ကာ ပွဲချိန်များနှင့် လက်မှတ်ထုတ်ယူနိုင်မည့် အစီအစဉ်များကို ထပ်မံအသိပေးကြေညာ သွားမည်ဟု သိရသည်။

 

Most Read

Most Recent