<

Secret Superstar ရုပ်ရှင်သစ်တွင် စတားသရုပ်ဆောင် အမြောက်အမြားရှိနေဟု အာမီယာခန်း ပြောကြား

အဆိုတော်အိပ်မက်ကို အကောင်အထည် ဖော်ရန်အတွက် လူမှုမီဒီယာကို အသုံးပြုခဲ့သော မိန်းကလေးတစ်ဦး၏ အကြောင်းအား ရိုက်ကူးထားသည့် Secret Superstar ရုပ်ရှင်သစ်၌ မထင်မရှား စူပါစတား အမြောက်အမြား ပါဝင်ကြောင်း ယင်းရုပ်ရှင်ကို ထုတ်လုပ်သည့် ဘောလိဝုဒ်သရုပ်ဆောင်၊ ဒါရိုက်တာ အာမီယာခန်းက ပြောကြားခဲ့သည်။

မိသားစုက ဖိနှိပ်မှုကြောင့် အဆိုတော် အိပ်မက်အတွက် လူမှုမီဒီယာကို အသုံးပြုခဲ့သော မိန်းကလေးငယ်တစ်ဦး၏အကြောင်း ယင်းရုပ်ရှင်တွင် အဓိကသရုပ်ဆောင်နေရာ၌ ဇိုင်ရာဝါဆင်က သရုပ်ဆောင်ထားသည်။ ၀ါဆင်သည် Dangal ရုပ်ရှင်တွင် ခန်းနှင့်အတူ သရုပ်ဆောင်ထားသူဖြစ်သည်။

Secret Superstar ရုပ်ရှင်သစ်အား ဒါရိုက်တာ အာဝိတ်ရှန်ဒန်က ပွဲဦးထွက် ရိုက်ကူးထားသည်။

“ကျွန့်တော်ဇနီးကီရန်နှင့် ကျွန်တော်တို့ ပြောချင်တာက ဒီလိုအရည်အချင်းရှိတဲ့သူတွေကို ကျွန်တော်တို့ဆီ ရောက်လာတာဟာ ကျွန်တော်တို့ ကံကောင်းပါတယ်ဆိုတာပါပဲ။ အာဝိတ်လို ဖန်တီးမှု အရည်အသွေးရှိတဲ့သူတွေကို အခွင့်အရေးပေးပြီး ရုပ်ရှင်တွေ ဖန်တီးထုတ်လုပ်နိုင်တာ ကျွန်တော်တို့အတွက် အရမ်းကို ကောင်းမွန်ပါတယ်” ဟု ခန်းက ကြေညာချက်တွင် ပြောကြားခဲ့သည်။

ရုပ်ရှင်အမည် Secret Superstar သည် ဇိုင်ရာကို ရည်ညွှန်းသော်လည်း ဇိုင်ရာသည် မထင်မရှား မဟုတ်တော့ဘဲ ကြီးကျယ် အောင်မြင်နေသူဖြစ်ကြောင်း Dangal မထုတ်လုပ်မီက ဇိုင်ရာသည် မထင်မရှား စူပါစတားဖြစ်ခဲ့ကြောင်း ယခုရုပ်ရှင်သစ် Secret Superstar တွင် ကျော်ကြားလာမည့်သူ အမြောက်အမြားရှိကြောင်း ခန်းက ပြောကြားခဲ့သည်။

နာမည်ကျော်ဖြစ်လာမည့်သူများအား တစ်ဦးချင်းစီ ထုတ်ဖော်သွားမည်ဖြစ်ကြောင်း အာဝိတ်သည် ထိုအထဲမှ တစ်ဦးဖြစ်ကြောင်း ခန်းက ပြောကြားခဲ့သည်။

၁၄ နှစ်အရွယ် အဆိုတော်သီချင်းရေးသူ မန်နာမီရှရာ၏ အကြောင်းအား ရိုက်ကူးထားသည့် ယင်းရုပ်ရှင်ကို အောက်တိုဘာ ၁၉ ရက်တွင် စတင်ပြသမည်ဖြစ်သည်။ အသက် ၅၂ နှစ်အရွယ် အာမီယာခန်းသည် ၂၀၀၁ ခုနှစ်တွင် Lagaan ရုပ်ရှင်ကို ထုတ်လုပ်သူအဖြစ် ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်း Dangal အပါအ၀င် ၀င်ငွေကောင်းရုပ်ရှင် အများအပြားကို ထုတ်လုပ်ခဲ့သည်။

August 23, 2017














Copy Protected by Chetan's WP-Copyprotect.