၁၅ ကြိမ်မြောက် ဘူဆန်ဂရပ်ဖစ်ဒီဇိုင်းပြပွဲ ၂၀၁၈ တွင် မြန်မာဒီဇိုင်းပညာရှင်ခြောက်ဦး တက်ရောက်လျက်ရှိကာ မြန်မာဒီဇိုင်းပညာရှင် ၁၀ ဦး၏ လက်ရာများ ပါဝင်ပြသလျက်ရှိ

၁၅ ကြိမ်မြောက် ဘူဆန်ဂရပ်ဖစ်ဒီဇိုင်းပြပွဲ ၂၀၁၈ တွင် မြန်မာဒီဇိုင်းပညာရှင်ခြောက်ဦး တက်ရောက်လျက်ရှိကာ မြန်မာဒီဇိုင်းပညာရှင် ၁၀ ဦး၏ လက်ရာများ ပါဝင်ပြသလျက်ရှိ
Published 21 June 2018

ဘူဆန် ဂရပ်ဖစ်ဒီဇိုင်းပြပွဲသို့ တက်ရောက်လျက်ရှိသည့် မြန်မာ ဒီဇိုင်းပညာရှင်ခြောက်ဦးအား တွေ့ရစဉ်

၁၅ ကြိမ်မြောက် ဘူဆန်ဂရပ်ဖစ်ဒီဇိုင်းပြပွဲ ၂၀၁၈ တွင် မြန်မာဒီဇိုင်းပညာရှင်ခြောက်ဦး တက်ရောက်လျက်ရှိပြီး မြန်မာဒီဇိုင်းပညာရှင် ၁၀ ဦး၏ လက်ရာများကို ပါဝင်ပြသလျက်ရှိကြောင်း သိရသည်။

ဇွန် ၁၈ ရက်တွင် ကျင်းပခဲ့သည့် ဘူဆန်ဂရပ်ဖစ်ဒီဇိုင်းပြပွဲ ၂၀၁၈ ၏ ဖွင့်ပွဲတွင် မြန်မာဒီဇိုင်းပညာရှင်များကလည်း ပါဝင်ဖွင့်လှစ်ခွင့်ရခဲ့ကာ မြန်မာ၊ ဂျပန်နှင့် ကိုရီးယား ဒီဇိုင်းပညာရှင်သုံးဦးအား invited award ပေးအပ်ခဲ့ကြောင်း သိရသည်။

“ဘူဆန်ဂရပ်ဖစ်ဒီဇိုင်းပြပွဲ ၂၀၁၈ ရဲ့ ဖွင့်ပွဲကို တက်ရောက်ရာမှာ ကြိုတင်အသိပေးထားခြင်း မရှိဘဲ နိုင်ငံရှစ်နိုင်ငံရဲ့ကိုယ်စား မြန်မာဒီဇိုင်းပညာရှင် ကျွန်တော်က ဖဲကြိုးဖြတ် ဖွင့်လှစ်ရာမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ ပြီးတော့ မြန်မာဖြစ်တဲ့ ကျွန်တော်ရယ်၊ ဂျပန် တစ်ယောက်ရယ်၊ ကိုရီးယားတစ်ယောက်ရယ်ကို invited award ကို ချီးမြှင့်ခဲ့ပါတယ်။ ဒီအတွက် ကျေးဇူးတင်ပါတယ်။ မြန်မာဒီဇိုင်းပညာရှင် ဆယ်ဦးရဲ့လက်ရာဖန်တီးမှုတွေကို ဒီပွဲမှာ ပါဝင်ပြသခွင့်ရတဲ့အတွက်လည်း ဝမ်းမြောက်ရပါတယ်။ ကျွန်တော်တို့ ဒီပွဲကို တက် ရောက်တဲ့ဒီဇိုင်းပညာရှင်တွေအနေနဲ့လည်း နိုင်ငံတကာက ပါဝင်ပြသတဲ့ဂရပ်ဖစ်ဒီဇိုင်းပညာနဲ့ ပတ်သက်လို့ လေ့လာသွားမှာပါ” ဟု ပန်းချီနှင့် ဂရပ်ဖစ်ဒီဇိုင်းပညာရှင် ဦးမြင့်မောင်ကျော်က ဆိုသည်။

ဘူဆန်ဂရပ်ဖစ်ဒီဇိုင်းပြပွဲသို့ မြန်မာနိုင်ငံအနေဖြင့် တတိယအကြိမ်မြောက် သွားရောက်ခြင်းဖြစ်ပြီး ယခုတစ်ကြိမ်ပြုလုပ်သည့်ပြပွဲတွင် ပန်းချီဒီဇိုင်းမြင့်မောင်ကျော်၊ ကျော်မင်းမောင်၊ ဝင်းမြင့်ဦး၊ ရဲထွဋ်၊ ဒီဇိုင်းမျိုးကျော် အပါအဝင် ဒီဇိုင်းပညာရှင်ဆယ်ဦးတို့ ၏ လက်ရာများအား ပါဝင်ပြသထားခြင်း ဖြစ်သည်။ အဆိုပါပြပွဲတွင် နိုင်ငံတကာမှ ဂရပ်ဖစ်ဒီဇိုင်းပညာရှင် ၂၀၀ ၏ လက်ရာများအား ပါဝင်ပြသခြင်းဖြစ်ပြီး ပြပွဲကို ဇွန် ၁၈ ရက်မှ ၂၃ ရက်အထိ ကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။ ပြပွဲတွင် ဂရပ်ဖစ်ဒီဇိုင်း လက်ရာများအား ပြသထားသည့်အပြင် ဂရပ်ဖစ်ဒီဇိုင်းနှင့် ပတ်သက်၍ ဆွေးနွေးမှုများလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဘူဆန်ဂရပ်ဖစ်ဒီဇိုင်းပြပွဲသို့ ယခင်နှစ်များကလည်း တက်ရောက်ခဲ့ပြီး korea myanmar graphic exchange exhibition အနေဖြင့် မြန်မာနိုင်ငံတွင်လည်း ပြပွဲများပြသနိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent