BLACK PINK အဖွဲ့ အယ်လ်ဘမ်သစ်ဖြင့် ဂီတလောကသို့ တစ်ကျော့ပြန်ဝင်ရောက်

BLACK PINK အဖွဲ့ အယ်လ်ဘမ်သစ်ဖြင့် ဂီတလောကသို့ တစ်ကျော့ပြန်ဝင်ရောက်
Published 18 June 2018

အမျိုးသမီးအဆိုတော်လေးဦးဖြင့် ဖွဲ့စည်းထားသည့် BLACK PINK အဖွဲ့သည်  ဇွန် ၁၅ ရက်က ဖြန့်ချိခဲ့သည့် Square Up မီနီအယ်လ်ဘမ်ဖြင့် ဂီတလောကသို့ တစ်ကျော့ပြန်ဝင်ရောက်မည်ဟု ယင်းအဖွဲ့၏ အေဂျင်စီ YG Entertainment က ထုတ်ပြန်ခဲ့သည်။

ယင်းမီနီအယ်လ်ဘမ်တွင် ပါဝင်သည့် “DDU –DU DDU-DU” သီချင်းဗီဒီယိုသည် You Tube တွင် ကြည့်ရှုမှုနှုန်း ၃၃ သန်း ကျော်ရရှိခဲ့သည်။ သီချင်းလေးပုဒ်ပါဝင်သည့် Square Up မီနီအယ်လ်ဘမ်သည် အမေရိကန် iTunes စာရင်းတွင် နံပါတ်လေးအဖြစ် ဖော်ပြခံခဲ့ရသည်။ BLACK PINK အဖွဲ့သည် ဂီတအလုပ်များ တစ်နှစ်ကြာရပ်နားခဲ့ပြီးနောက်  ယင်းမီနီအယ်လ်ဘမ်ကို ဖြန့်ချိရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

“အရင်ကထွက်ခဲ့တဲ့ သီချင်းတွေတုန်းက ကနွဲ့ကလျကဗျာဟန်တွေ သီဆိုခဲ့တယ်။ Square Up  မှာတော့ ဟစ်ဟော့၊ ရက်ပ်တွေနဲ့အတူ ကျွန်မတို့ရဲ့ ရင့်ကျက်မှုရှိလာတဲ့ ဆိုဟန်တွေကို နားဆင်ရမှာပါ။ BLACK PINK အဖွဲ့က အမျိုးစုံ ကြိုးပမ်းအားထုတ်ထားတယ်ဆိုတာကို ပြသချင်တယ်” ဟု အဖွဲ့ဝင် ဂျီဆိုက ပြောကြားခဲ့သည်။

Square Up တွင် ပါဝင်သည့် သီချင်းလေးပုဒ်ကို YG ၏ နာမည်ကျော်ထုတ်လုပ်သူ တက်ဒီပက်က အခြားဂီတပညာရှင်များနှင့် ပူးတွဲဖန်တီးပေးခဲ့သည်ဟု BLACK PINK အဖွဲ့ဝင်များက ပြောကြားခဲ့သည်။ “ကျွန်မတို့ရဲ့ သီချင်းဗီဒီယိုတွေ YouTube မှာ ကြည့်ရှုမှုနှုန်း သန်း ၁၀၀ ကျော် ရတယ်ဆိုတာကို မယုံကြည်နိုင်သေးပါဘူး။ Square Up အတွက်လည်း အများကြီးမမျှော်လင့်ထားပါဘူး။ ပရိသတ်တွေ ကျွန်မတို့ရဲ့ သီချင်းတွေကို နားထောင်ပေးတယ်ဆိုရင်ပဲ ကျေးဇူးတင်ပါတယ်” ဟု ဂျန်နီက ပြောကြားခဲ့သည်။

BLACK PINK အဖွဲ့သည် ဇူလိုင်တွင် ဂျပန်နိုင်ငံရှိ မြို့သုံးမြို့တွင် ဖျော်ဖြေပွဲများကျင်းပရန် စီစဉ်ထားသည်။ ဂျီဆို၊ ဂျန်နီ၊ ရို့စ်နှင့် လီဆာတို့ဖြင့် ဖွဲ့စည်းထားသည့် ယင်းအဖွဲ့သည် Billboard World Digital Song Sales  စာရင်း၏ နံပါတ်တစ်နေရာတွင် သုံးကြိမ်ဖော်ပြခံခဲ့ရသည့် ပထမဆုံး ကေပေါ့ပ် အမျိုးသမီးအဆိုတော်အဖွဲ့ ဖြစ်သည်။

Most Read

Most Recent