Royal Club Music Tour အဖြစ် ရန်ကုန်မြို့တွင် ပထမဆုံးပြုလုပ်သည့် Iron Cross အဖွဲ့၏ ဖျော်ဖြေပွဲသို့ ပရိသတ်ထောင်ချီ လာရောက်ကြည့်ရှုအားပေး

Royal Club Music Tour အဖြစ် ရန်ကုန်မြို့တွင် ပထမဆုံးပြုလုပ်သည့် Iron Cross အဖွဲ့၏ ဖျော်ဖြေပွဲသို့ ပရိသတ်ထောင်ချီ လာရောက်ကြည့်ရှုအားပေး
Published 17 June 2018

ဓါတ်ပုံ - နေဝန်းထက်

မြန်မာနိုင်ငံ၏ နာမည်အကျော်ကြားဆုံ ရော့ခ်တီးဝိုင်းအဖွဲ့ Iron Cross ၏ ဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ Myanmar Event Park ၌ ဇွန် ၁၆ ရက်ညပိုင်းတွင် ပြုလုပ်ခဲ့ပြီး လာရောက်ကြည့်ရှုသူ ပရိသတ်ထောင်ချီ ရှိခဲ့သည်။ အဆိုပါဖျော်ဖြေပွဲသည် Royal Club Music Tour အဖြစ် ရန်ကုန်မြို့တွင် ပထမဆုံးပြုလုပ်သည့် Iron Cross အဖွဲ့၏ ဖျော်ဖြေပွဲလည်း ဖြစ်ကြောင်း သိရသည်။

ဇွန် ၁၆ရက် ညနေ ၆နာရီဝန်းကျင်ခန့်ကပင် Iron Cross အဖွဲ့၏ ရော့ခ်ဂီတသံစဉ်များနှင့် စီးမျောရန် ရောက်ရှိနေသည့် ပရိသတ်များစွာတို့က Myanmar Event Park အနီးတစ်ဝိုက်တွင် Iron Cross အဖွဲ့ အမှတ်တံဆိပ်ပါရှိသည့် တီရှပ်များကို ဝတ်ဆင်ပြီး ဖျော်ဖြေပွဲကြည့်ရှုရန် ရောက်ရှိနေကြသည်။

ည ၇နာရီခန့်တွင် ထောင်နှင့်ချီသည့် ပရိသတ်များက စည်းကမ်းတကျဖြင့် ဖျော်ဖြေပွဲပြုလုပ်ရာ စင်မြင့်ရှေ့တွင် ရောက်ရှိနေခဲ့ပြီး Iron Cross အဖွဲ့၏ ဖျော်ဖြေမှုကို အားပေးရန်အတွက် အဆင်သင့်ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ည ၇ နာရီကျော်တွင် Iron Cross အဖွဲ့၏ အသက်ငယ်ဆုံးသော ပင်တိုင်တေးသံရှင်ဖြစ်ပြီး အားကောင်းလှသည့် အသံပါဝါဖြင့် ပရိသတ်များကို နှစ်ပေါင်းများစွာ ဖမ်းစားနိုင်ခဲ့သည့် တေးသံရှင်မျိုးကြီးက IC အဖွဲ့အတွက် စတင်ဖျော်ဖြေခဲ့ပြီး ပရိသတ်များထံမှ တေးသံရှင်မျိုးကြီး၏ အမည်ကို သံပြိုင်ဟစ်အော်အားပေးခဲ့သည်။ ယင်းနောက်တွင် Iron Cross အဖွဲ့၏ ဖျော်ဖြေပွဲများတွင် ဖျော်ဖြေနေကြ ပုံစံများအတိုင်း လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း ပင်တိုင်တေးသံရှင် လေးဦး၏ အလှည့်ကျ တစ်ဦးချင်း ဖျော်ဖြေမှုများ၊ ချစ်စမ်းမောင်၊ ခရမ်း၊ ဗညားတို့၏ လက်စွမ်းပြ တီးခတ်ဖျော်ဖြေမှုများဖြင့် ပရိသတ်များ၏ လက်ခုပ်သံကို သိမ်းကြုံးရယူနိုင်ခဲ့သည်။

ထိုသို့ ဖျော်ဖြေမှုများဖြင့် Iron Cross အဖွဲ့၏ ဖျော်ဖြေမှု ဇာတ်ရှိန် တဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး IC အဖွဲ့၏ အဓိက အခရာ တေးသံရှင်အဖြစ် ဆိုနိုင်သည့် လေးဖြူနှင့် အငဲတို့၏ နှစ်ယောက်တွဲ ဖျော်ဖြေမှုများ ပြုလုပ်စဉ်တွင် ဖျော်ဖြေပွဲ၏ ဇာတ်ရှိန်သည် အမြင့်ဆုံး အနေအထားသို့ ရောက်ရှိနေခဲ့ပြီး ထောင်နှင့်ချီသည့် ပရိသတ်များ၏ သံပြိုင်သီဆို အားပေးမှုများက Iron Cross အဖွဲ့၏ ဖျော်ဖြေမှု နှင့်အတူ ရော့ခ်ဂီတ ဖျော်ဖြေပွဲတစ်ပွဲ၏ ပုံရိပ်ကို အကောင်းဆုံး ပုံဖော်ပေးနေသကဲ့သို့ ဖြစ်ခဲ့သည်ကို တွေ့ရသည်။

Iron Cross Live In Yangon ဖျော်ဖြေပွဲသည် Iron Cross အဖွဲ့မှ အဖွဲ့သားများ၏ အားပါးတရဖျော်ဖြေမှုများ၊ ပရိသတ်များ၏ တခဲနက်ဖျော်ဖြေမှုများနှင့်အတူ ည ၁၀နာရီကျော်တွင် အဆုံးသတ်ခဲ့သည်။ ယခုဖျော်ဖြေပွဲသည် ခြောက်လခန့် Iron Cross အဖွဲ့၏ ဖျော်ဖြေပွဲနှင့် ဝေးကွာနေခဲ့သည့် ရန်ကုန်မြို့မှ ပရိသတ်များအတွက် စိတ်ကျေနပ်စရာ ဖျော်ဖြေပွဲတစ်ပွဲ ဖြစ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent