<

Hitman က Logan ကိုကျော်တက်ပြီး မြောက်အမေရိက၏ ၀င်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ် ရပ်တည်

အသစ်ထွက်ရှိလာသော The Hitman’s Bodyguard နှင့် Logan Lucky တို့သည် ပြီးခဲ့သည့်သီတင်းပတ်အတွင်းက မြောက်အမေရိက၏ ၀င်ငွေအကောင်းဆုံး ရုပ်ရှင်စာရင်း၏ ထိပ်ဆုံးသုံးနေရာသို့ ၀င်နိုင်ခဲ့သည်။ သို့သော် ဝေဖန်သူများ၏ မှတ်ချက်ကောင်းများ ရရှိထားသော Logan သည် Hitman လောက် လက်မှတ်ရောင်းအား မကောင်းခဲ့ပေ။

Lionsgate မှထုတ်လုပ်သော Hitman သည် ပြီးခဲ့သည့်သီတင်းပတ်၏ နောက်ဆုံးသုံးရက်အတွင်းက ဒေါ်လာ ၂၁ ဒသမ ၆ သန်းဝင်ငွေရရှိခဲ့ပြီး ၀င်ငွေအများဆုံးရုပ်ရှင်ဖြစ်ခဲ့သည်။ ဒေါ်လာ ၂၁ ဒသမ ၆ သန်းဆိုသည်မှာ ယခုနှစ်၏ ၀င်ငွေအနည်းဆုံး သီတင်းပတ်အတွက် မနည်းလှသောပမာဏ ဖြစ်နေသည်။ Hitman ၏ဇာတ်လမ်းထဲတွင် ရိုင်ယန်ရေနိုးက နာမည်ကျော် သက်တော်စောင့်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ၎င်းသည် မကြာမီတွင် ရုံးတင်စစ်ဆေးမှုနှင့် ရင်ဆိုင်ရတော့မည် နာမည်ကျော်ရာဇ၀တ်သား (ဆမ်မြူရယ် အယ်ဂျက်ဆင်) အား ကာကွယ်ပေးရန် ငှားရန်ခံခဲ့ရသည်။

ဂျက်ဆင်၏ ဇနီးနေရာတွင် မူဆယ်မာဟေယက်က ပါဝင်သရုပ်ဆောင်ထားသည်။ ထိုရုပ်ရှင်ထဲတွင် နာမည်ကျော်သရုပ်ဆောင် အများအပြားသုံးထားသော်လည်း Rotten Tomatoes ၀က်ဆိုက်တွင် အဆင့်သတ်မှတ်ချက် ၃၉ ရာခိုင်နှုန်းသာ ရရှိထားသည်။

စတီဗင်ဆိုဒါဘက် ရိုက်ကူးသော Logan Lucky သည် Warner Bros မှထုတ်လုပ်သော Annabelle:Creation အောက်တစ်ဆင့်နိမ့်ပြီး စာရင်း၏ တတိယနေရာတွင် ရပ်တည်နေပြီး ၀င်ငွေဒေါ်လာ ၈ ဒ သမ ၁ သန်းသာ ရရှိထားသည်။ ယင်းဇာတ်ကားသည် လွန်ခဲ့သည့်လေးနှစ်က အနားယူလိုက်ပြီဖြစ်ကြောင်း ကြေညာထားသည့် ဆိုဒါဘတ်၏ ပထမဆုံးပြန်လည်ထွက်ရှိလာသော လက်ရာဖြစ်သည်။ ဝေဖန်သူများကလည်း Logan ကိုကြိုက်နှစ်သက်ကြပြီး အဆင့်သတ်မှတ်ချက် ၉၃ ရာခိုင်နှုန်းအထိ ပေးထားသည်။ Logan ၏ဇာတ်လမ်းထဲတွင် ချန်းနင်းတက်တမ်၊ အဒမ်ဒရိုက်ဘာ၊ ရီလာကို့ခ်ျတို့ ပါဝင်သရုပ်ဆောင်ပြီး ဇာတ်ကြောင်းမှာ ညီအစ်ကိုနှစ်ဦးက ကားပြိုင်ပွဲတစ်ခုအတွင်း လုယက်မှုတစ်ခုပြုလုပ်ရန် ကြိုးပမ်းသည့် ဟာသဇာတ်မြူးကား ဖြစ်သည်။

ဘတ်ဂျတ်နိမ့်ဇာတ်ကားဖြစ်သော Annabelle သည်ပရိသတ်များကို ဆက်လက်ဆွဲဆောင်နိုင်စွမ်းရှိနေပြီး ပြီးခဲ့သည့်သီတင်းပတ်ကုန်က ၀င်ငွေဒေါ်လာ ၁၅ ဒသမ ၅ သန်းရရှိကာ စာရင်း၏ ဒုတိယနေရာ၌ ရပ်တည်နေသည်။ Annabelle သည် ကမ္ဘာတစ်ဝန်းလုံး အတိုင်းအတာတွင် ၀င်ငွေဒေါ်လာ တစ်ဘီလျံအထိ ရရှိထားပြီဖြစ်သည်။

စစ်ကား Dunkirk သည် လူကြည့်များနေဆဲဖြစ်ပြီး ဒေါ်လာ ၆ ဒသမ ၇ သန်းဝင်ငွေရရှိကာ အဆင့်လေးနေရာတွင် ရှိနေသည်။ အန်နီမေးရှင်းဇာတ်ကားဖြစ်သော Nut Job 2 : Nutty by Nature သည် ၀င်ငွေဒေါ်လာ ၅ ဒသမ ၁ သန်းဖြင့် အဆင့်ငါးတွင် ရပ်တည်နေသည်။

August 22, 2017














Copy Protected by Chetan's WP-Copyprotect.