အမျိုးသမီးများ ဦးဆောင်ထားသော Ocean’s 8 က မြောက်အမေရိက၏ ဝင်ငွေအများဆုံးရုပ်ရှင် ဖြစ်လာ

အမျိုးသမီးများ ဦးဆောင်ထားသော Ocean’s 8 က မြောက်အမေရိက၏ ဝင်ငွေအများဆုံးရုပ်ရှင် ဖြစ်လာ
Published 12 June 2018

အမျိုးသမီးများ အဓိကပါဝင်သရုပ်ဆောင်ထားသည့် Ocean’s 8 ရုပ်ရှင်သည်  ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဒေါ်လာ ၄၁ ဒသမ ၅ သန်းဝင်ငွေရရှိခဲ့ပြီး မြောက်အမေရိကဒေသ၏ ဝင်ငွေအများဆုံးရုပ်ရှင် ဖြစ်လာခဲ့သည်။

Ocean’s 8 ရုပ်ရှင်ထဲ၌ နာမည်ကျော် ဆန်ဒရာဘူးလော့က ဦးဆောင်ပါဝင်ထားပြီး ကိတ်ဘလန်ချက်၊ အန်နာဟဲသာဝေး၊ ဟယ်လီနာဘိုဟမ်ကာတာ၊ မင်ဒီကောလင်း၊ ရီဟားနားတို့က ပံ့ပိုးပါဝင်ထားကြသည်။ Warner Bros မှထုတ်လုပ်ထားသော Ocean’s 8 သည် Ghostbusters ပြီးနောက်  အမျိုးသားသရုပ်ဆောင်များနေရာတွင် အမျိုးသမီးများဖြင့် အစားထိုး ပြန်လည်ရိုက်ကူးထားသော ဟောလိဝုဒ်၏ နောက်ဆုံးစမ်းသပ်မှုတစ်ခု ဖြစ်လာခဲ့သည်။ စမ်းသပ်မှု၏ ရလဒ်မှာမူ Ocean’s 8သည် ယခုနှစ်အတွင်း ပွဲဦးထွက်ဝင်ငွေအများဆုံးရုပ်ရှင် ၁၀ ကားစာရင်းတွင် ပါသွားခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ယခင်ထွက်ရှိခဲ့ဖူးသည့် Ocean’s 8 ရုပ်ရှင်သုံးကားထက်လည်း ဝင်ငွေပိုမိုကောင်းမွန်နေခဲ့သည်။

ယခု ရုပ်ရှင်ထဲ၌ ဒန်နီအိုးရှင်း (မူလက ဂျော့ကလူးနီ သရုပ်ဆောင်ထားခဲ့) ၏ ညီမ ဒတ်ဘီအိုးရှင်းနေရာမှ ဆန်ဒရာဘူးလော့က ပါဝင်သရုပ်ဆောင်ထားသည်။ ဇာတ်လမ်းမှာ ဒတ်ဘီအိုးရှင်းသည် နယူးယောက်တွင် ကျင်းပမည့် ကြီးမားသည့် ပွဲအခမ်းအနားတစ်ခု၌ ဖြစ်နိုင်ခြေသိပ်မရှိသော စိန်လုယက်မှုကြီးတစ်ခုကို လုပ်ဆောင်ရန် ပင်ကိုယ်စွမ်းရည်ရှိသည့် အမျိုးသမီးများကို  လိုက်လံစုစည်းခြင်း ဖြစ်သည်။

ဝင်ငွေအများဆုံးစာရင်း၏ ဒုတိယနေရာ၌ ရှိနေသည်မှာ Solo ; A Star Wars Story ဖြစ်သည်။ ဝင်ငွေမှာမူရှေ့တစ်ပတ်ကထက် ထက်ဝက်ကျဆင်းသွားကာ ဒေါ်လာ ၁၅ ဒသမ ၂ သန်း ရရှိထားသည်။

20th Century Fox မှ ထုတ်လုပ်သော Deadpool 2 ရုပ်ရှင်မှာမူ ဒေါ်လာ ၁၃ ဒသ မ ၇ သန်းရရှိထားပြီး ဝင်ငွေအများဆုံးစာရင်း၏ တတိယနေရာတွင်ရှိနေသည်။ ကမ္ဘာတစ်ဝန်း၌ ပြသရာတွင်မူ ဝင်ငွေ ဒေါ်လာ သန်း ၆၅၀ ကျော်သွားခဲ့ပြီ ဖြစ်သည်။

စတုတ္ထနေရာတွင် ရှိနေသည်မှာမူ ရုပ်ရှင်ကားသစ် Herediary ဖြစ်ပြီး ဝင်ငွေဒေါ်လာ ၁၃ သန်းရရှိထားသည်။ ယင်းသည် A 24 မှ ထုတ်လုပ်သော ရုပ်ရှင်ကားများ အနက်ဝင်ငွေအကောင်းဆုံးဟု ဆိုနိုင်သည်။ တိုနီကိုလတ်တီနှင့် ဂါဘရီရယ်ဘာနီတို့ ပါဝင်သရုပ်ဆောင်ထားသော ထိုရုပ်ရှင်၏ ဇာတ်လမ်းမှာ အမျိုးသမီးအိမ်ထောင်ဦးစီး ကွယ်လွန်သွားပြီးနောက် ခြောက်လှန့်ခံရသည့် မိသားစုတစ်စုအကြောင်း ဖြစ်သည်။

ဝင်ငွေအများဆုံးစာရင်း၏ ပဉ္စမနေရာတွင် ရပ်တည်နေသည်မှာ Avengers; Infinity War ဖြစ်ပြီး ဝင်ငွေ ဒေါ်လာ ၆ ဒသမ ၈ သန်း ရရှိထားသည်။ ယင်းရုပ်ရှင်သည် ကမ္ဘာတစ်ဝန်းတွင် ပြသရာ၌ စုစုပေါင်း ဝင်ငွေ ဒေါ်လာ ၁ ဒသမ ၉၉၈ ဘီလျံ ရရှိနေပြီ ဖြစ်သည်။

Most Read

Most Recent