အကယ်ဒမီစိုးမြတ်သူဇာနှင့် တွေ့ဆုံခြင်း

အကယ်ဒမီစိုးမြတ်သူဇာနှင့် တွေ့ဆုံခြင်း
Published 10 June 2018

မြန်မာ့ရုပ်ရှင်နယ်ပယ်မှာ ထင်ရှားတဲ့ မင်းသမီးတစ်လက်ထဲမှာ တစ်ဦးအပါအဝင်ဖြစ်သူကတော့ မကြီးစိုးလို့ ချစ်စနိုးခေါ်ကြတဲ့ အကယ်ဒမီစိုးမြတ်သူဇာပါ။ ဇွန် ၈ ရက်စပြီး မြန်မာနိုင်ငံတစ်ဝန်းက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသနေပြီဖြစ်တဲ့ ‘သားပိုက်ကောင်’ ဇာတ်ကားမှာလည်း ဒေါ်ရင်နှစ်အဖြစ် သရုပ်ဆောင်မှုက စိုးမြတ်သူဇာအတွက် အဘွားဇာတ်ကောင်စရိုက် သရုပ်ဆောင်တာဖြစ်သလို ပရိသတ်တွေမမြင်တွေ့ဖူးတဲ့ ဇာတ်ကောင်စရိုက်မျိုးနဲ့လည်း စိုးမြတ်သူဇာကိုတွေ့မြင်ရမှာဖြစ်တာကြောင့် ‘သားပိုက်ကောင်’ ဇာတ်ကားရိုက်ကူးတုန်းက ကြိုးစားမှုတွေနဲ့ အမှတ်တရတွေမေးမြန်းဖြစ်ခဲ့ပါတယ်  ...

မေး-‘သားပိုက်ကောင်’ ဇာတ်ကားမှာ ပါဝင်မယ့် ဒေါ်ရင် နှစ်ဇာတ်ရုပ်အတွက် ဘယ်လိုတွေပြင်ဆင်ခဲ့ရတာရှိလဲ။

ဖြေ - ဒီဇာတ်ကားမှာက အဘွားဇာတ်ရုပ်ဖြစ်နေတဲ့အခါ ကိုယ်တစ်ခါမှ မလုပ်ဖူးသေးတဲ့ အသက်ကြီးတဲ့ မိတ်ကပ်မျိုးရအောင် စမ်းပြီး လုပ်ကြည့်ရတာပါ။ ဇာတ်ကားမရိုက်ခင်မှာ အင်တာနက်ကနေပြီး မိတ်ကပ်တွေ၊ လိမ်း နည်းတွေရှာရတယ်။ အဲဒီမှာ မိတ်ကပ်အရည် တစ်မျိုးကို တွေ့တယ်။ အဲဒါက မျက်နှာတစ်ခုလုံးကို စုတ်တံနဲ့မြန်မြန်လေးလူးရတာ။ စုတ်တံနဲ့မိတ်ကပ်ကို ဆွဲတဲ့အခါ ဒီဘက်က ဆွဲတာ ဟိုဘက်မှာဆုံးတဲ့အချိန်မှာကို မိတ်ကပ်က ခြောက်သွားပြီ။ အဲဒီလိုခြောက်သွားတဲ့အချိန်မှာ ကိုယ့်မျက်နှာလှုပ်တာနဲ့ မျက်နှာမှာအကြောတွေအလိုက် ပပ်ကြားတွေလိုက် ပြီး တွန့်သွားကုန်တာ။ အဲဒီလိုတွန့်သွားပြီးရင် ထိလို့မရဘူး။ ထိလိုက်ရင် ပေါက်သွားပြီး ကွက်ကုန်တာဆိုတော့ ထိလို့မရဘူး။ ကိုယ်ကလည်း အဲဒီလိုမိတ်ကပ်မျိုးတွေက ခုမှ လိမ်းဖူးတာဆိုတော့ အကွဲကွဲအပြဲပြဲနဲ့ အဲဒီမိတ်ကပ်ကို လိမ်းရတာ။ တစ်ခုခုဖြစ်သွားပြီ ဆိုရင် ပြန်လိမ်းဖို့လည်း မလွယ်ဘူးလေ။ အဲဒီတော့ အဆင်မပြေတာတွေလည်း အများကြီးတွေ့ရတယ်။ အဲဒါတွေကို ပရိသတ်တွေ နားလည်ပေးပါလို့ ပြောချင်ပါတယ်။

 

မေး - ‘သားပိုက်ကောင်’ဇာတ်ကားမှာ ပရိသတ်တွေ မြင်ရမယ့် ဒေါ်ရင်နှစ်ဆိုတဲ့ဇာတ်ကောင်နဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပြောချင်တာရှိရင်။

ဖြေ - ဒီဇာတ်ကားမှာက မကြီး တစ်ခါမှ လုပ်လေ့လုပ်ထမရှိတဲ့ဇာတ်ကောင်စရိုက်ပေါ့။ အတတ်နိုင်ဆုံးတော့အကောင်းဆုံးကြိုးစားထားပါတယ်။ မြင်နေကြပုံစံမဟုတ်တဲ့အတွက် အဆင်မပြေမှုလေးတွေလည်း ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ ပရိသတ်တွေက နားလည်ပြီး ကြည့်ပေးပါလို့ ပြောပါရစေ။

 

မေး- ဒီဇာတ်ကားထဲမှာ မကြီးစိုး အကြိုက်ဆုံးဇာတ်ဝင်ခန်းတွေရှိရင်လည်း သိချင်ပါတယ်။

ဖြေ - ဒီဇာတ်ကားက ကောင်းပါတယ်။ ကိုယ်လည်း ကြိုက်တယ်။ နောက်ပြီး ဒီဇာတ်မှာက အစကနေ အဆုံးမကြီးဘဲ လုပ်ရနေရတာ။

 

မေး - ‘သားပိုက်ကောင်’ ဇာတ်ကားမှာ အဘွားတစ်ယောက်အဖြစ် ရိုက်ကူးနေရတဲ့အချိန်မှာ ကိုယ်တိုင်က ဘယ်လိုတွေခံစားခဲ့ရလဲ။

ဖြေ - အဲဒါကတော့ ပြန်ပြောဖို့တော်တော်ခက်မယ်။ မကြီးက သားသမီးမရှိတော့ အမေလည်းမဖြစ်ဘူး။ အဲဒီတော့ အဘွားလည်း ဖြစ်မှာ မဟုတ်တော့ဘူးလေ။ ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ ကိုယ့်မျက်စိရှေ့မှာ မြင် နေရတဲ့လူတွေကို ကြည့်ပြီး သူတို့နေရာမှာ ဝင်ခံစားပြီး သဏ္ဌာန်လုပ်သရုပ်တူအောင် လုပ်ရတာပေါ့။ ပရိသတ်အမြင်မှာ အဘွားဆို တဲ့ဇာတ်ရုပ်မျိုးပီပြင်အောင်တော့ အတတ် နိုင်ဆုံးကြိုးစားခဲ့တာပါပဲ။ အားနည်းချက်ကတော့ ရှိကောင်းရှိနိုင်ပါတယ်။

 

မေး - ကိုယ်သရုပ်ဆောင်ရမယ့် ဇာတ်ကောင်စရိုက်တွေ ပီပြင်ဖို့အတွက် မကြီးစိုးဘက်က ဘယ်လိုတွေစိတ်နှစ် ပြီး လုပ်ဆောင်ဖြစ်လဲ။

ဖြေ - မကြီးက မကြီးစိတ်ကို အမြဲတမ်း အလွတ်ထားထားတယ်။ ဘယ်လိုအရိပ်မျိုး၊ ဘယ်လိုအကြောင်းအရာမျိုးမှ ကိုယ့်ကိုအလွှမ်းမိုးမခံဘူး။ အဲဒီလိုစိတ်ကို အလွတ်ထားတော့ ဒီဇာတ်ကားမှာ အမေဆိုရင် မကြီးက အမေဖြစ်သွားမယ်၊ အဘွားဆို အဘွားဖြစ်သွားမယ်။ တစ်ခုခုကို စိတ်ထည့်ပြီး သရုပ် ဆောင်ပြီးရင်လည်း အဲဒါကိုကိုယ့်စိတ်ထဲက နေဖျက်ပစ်လိုက်တာပဲ ဆက်ပြီး သယ်မသွားဘူး၊ သိုလှောင်မထားဘူး။ စိတ်ကို အမြဲလွတ်လွတ်လပ်လပ်ထားတယ်။ တစ်ခုနဲ့တစ်ခုကို ရောထွေးပြီး မစဉ်းစားဘူး၊ မတွေးဘူး။

 

မေး -  အခုရုပ်သံမှာလွှင့်နေတဲ့ ‘အရိပ်’ ဇာတ်လမ်းတွဲက အောင်မြင်နေတယ်။ မကြီးအနေနဲ့အရိပ်ဇာတ်လမ်းတွဲ မှာ ထပ်ပြီး ပါဝင်ဖြစ်ခဲ့တာလေးကိုလည်း သိပါရစေ။

ဖြေ - ‘အရိပ်’ ရုပ်ရှင်ဇာတ်ကားမှာတုန်းကတော့ မကြီးက အဲဒီတုန်းက ကိုယ့်ရဲ့ရှိရင်းစွဲ အသက်ထက်ကို ပိုပြီးအသက်ကြီးပြီး သရုပ်ဆောင်ခဲ့ရတယ်။ အဲဒီအရွယ်တုန်းကနဲ့ သိပ်မလိုက်ဘဲ ဒီအသက်အရွယ်မှာတော့ ကိုယ် ပါဝင်ရမယ့် ဇာတ်ရုပ်၊ ကိုယ်လုပ်ခဲ့တဲ့ ဇာတ်ရုပ်က အံဝင်ခွင်ကျဖြစ်နေပြီလေ။ ဒါ့ကြောင့်လည်း ကိုယ်ပြန်ပြီး သရုပ်ဆောင်ချင်တာကြောင့် ဇာတ်လမ်းတွဲကို လက်ခံဖြစ်တာပါ။ မေချိုနဲ့လည်းတွဲရတော့ ကိုယ့်ကို လွှမ်းမိုးမယ့် အရိပ်၊ ကိုယ့်အရိပ်ကို ပြန်လည်လွှမ်းမိုးခံရမယ့် မေမြင့်မိုရ်တို့က လိုက်ဖက်တာကြောင့် ဇာတ်ကားက ပိုအသက်ဝင်တယ်လေ။

 

မေး - ‘သားပိုက်ကောင်’ ဇာတ်ကားက မကြီးစိုးအတွက် အကယ်ဒမီ ခန့်မှန်းနိုင်တဲ့ကားမျိုးဖြစ်တဲ့ အပေါ် ဘယ်လိုခံစားချက်မျိုးရှိလဲ။

ဖြေ - မကြီးကတော့ အဲဒီလို တွေ မတွေးထားပါဘူး။ အကယ်ဒမီက လည်း ဥပဒေအမျိုးမျိုးပြောင်း နေတာဆိုတော့ မပြောတတ်ဘူး။ ရရင်ကံကောင်းတာပေါ့။

 

မေး - စိုးမြတ်သူဇာကို အမြဲတမ်းချစ်ခင် အားပေးနေတဲ့ ပရိသတ်တွေအတွက် စကားလက်ဆောင်လေးပြောပေးပါဦး။

ဖြေ - မကြီးကို ဒီအသက်ဒီအရွယ်အထိ ချစ်ခင်အားပေးကြတာ ကျေးဇူးအများကြီးတင်ပါတယ်။ ထပ်ပြီးလည်း အားပေးကြပါ။ ပရိသတ်အားပေးမှုဟာ ခွန်အားပါပဲ။

 

Most Read

Most Recent