မြန်မာ့လက်ရွေးစင် ကျွမ်းဘားမယ်နှင့် မြန်မာကိုယ်စားပြုအလှမယ် သရုပ်ဆောင် ထားထက်ထက်၏ ငယ်ဘဝဖြတ်သန်းရာ

မြန်မာ့လက်ရွေးစင် ကျွမ်းဘားမယ်နှင့် မြန်မာကိုယ်စားပြုအလှမယ် သရုပ်ဆောင် ထားထက်ထက်၏ ငယ်ဘဝဖြတ်သန်းရာ
Published 7 June 2018

၂၀၁၂ ခုနှစ်ကစတင်ပြီး မြန်မာအလှမယ်တွေရဲ့ခြေလှမ်းတွေကို ကမ္ဘာ့စင်မြင့်ထက် နေရာယူလာနိုင်ခဲ့တာ လက်ရှိမှာတော့ ခြောက်နှစ်တိုင်ခဲ့ပါပြီ။ မြန်မာကိုယ်စားပြု အလှမယ်များစွာက နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွေကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့အနက် အားကစားထူးချွန်သူတစ်ဦးလည်းဖြစ်တဲ့ မြန်မာကိုယ်စားပြုအလှမယ် ထားထက်ထက်ရဲ့ ငယ်စဉ်ဘဝရဲ့အမှတ်တရ ပုံရိပ်တွေကို အခုတစ်ပတ်မှာ တင်ဆက်ပေးချင်ပါတယ်။

မြန်မာ့လက်ရွေးစင် ကျွမ်းဘားမယ်တစ်ဦးဖြစ်သလို Miss Grand International ပြိုင်ပွဲမှာလည်း မြန်မာကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာ ထားထက်ထက်က သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေ ရိုက်ကူးနေပြီး ကျွမ်းဘားအားကစားနည်းကိုလည်း ပြန်လည်မျှဝေပေးနေသူ ဖြစ်ပါတယ်။

စနေသမီးဖြစ်တဲ့ ထားထက်ထက်ကို ဒေါက်တာကျော်မိုးနဲ့ ဒေါ်တင်တင်ဆွေတို့က ဒီဇင်ဘာ ၁၉ ရက်မှာ ကလေးမြို့တွင် မွေးဖွားခဲ့ပါတယ်။ မောင်နှမ လေးယောက်ရှိပြီး အငယ်ဆုံးသမီးဖြစ်ပါတယ်။ ထားထက်ထက်ရဲ့ ငယ်စဉ်ဘ၀ အမှတ်တရအနေနဲ့ ဆိုးတဲ့ကလေးတစ်ယောက်ဖြစ်ခဲ့သလို စနေသမီးပီပီ စိတ်အရမ်းကြီးတဲ့သူတစ်ယောက်လည်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အားကစားကိုတော့ အသက်ငါးနှစ်အရွယ်လောက်ကတည်းက ဝါသနာပါခဲ့ပြီး ကလေးဘဝအိမ်မှာကတည်းက ကျွမ်းထိုးရတာ ဝါသနာပါခဲ့တယ်လို့ပြောပါတယ်။ ဒီနောက်မှာတော့ ကျွမ်းဘားသင်တန်းကို မိဘများကအပ်နှံပေးခဲ့တာကြောင့် စတင်ကစားဖြစ်ခဲ့တယ်လို့ဆိုပါ တယ်။ ဒီနောက်မှာတော့ အဆင့်ဆင့် ပါဝင်ကစားခွင့်ရခဲ့ပြီး ငါးတန်းကျောင်းသူ အရွယ်ကစတင်ကာ တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့အချိန်အထိ မြန်မာ့ လက်ရွေးစင် ကျွမ်းဘားအားကစားမယ်အဖြစ် နိုင်ငံတကာပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့တယ်လို့ဆိုပါတယ်။ နိုင်ငံကိုယ်စားပြုအားကစားပွဲတွေမှာ ဆုတံဆိပ်များလည်း ဆွတ်ခူးနိုင်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

ငယ်စဉ်ကတည်းက အားကစားသမားတစ်ယောက်အနေနဲ့ဖြတ်သန်းခဲ့ရချိန်မှာ တဖြည်းဖြည်းနဲ့စိတ်ပင်ပန်းတာတွေ၊ စိတ်ဓာတ်ကျရတာတွေ အများကြီး ကြုံခဲ့ဖူးတယ်လို့လည်းပြောပြခဲ့ပါတယ်။ “စဆော့တုန်းကတော့ အသက်ငယ်သေးသလို အဖော်တွေလည်းများတော့ ပျော်လည်းပျော်တယ်။ နောက်ပိုင်းတော့ကိုယ်နဲ့ခင်တဲ့သူတွေကလည်း ဆက်မဆော့တော့ဘူး။ ကိုယ်ကလည်း ပြိုင်ပွဲတွေရှိရင် အရမ်းပင်ပန်းပြီး စိတ်ဖိစီးမှုတွေများတယ်။ အရမ်းလည်းပင်ပန်းတယ်ဆိုတော့ လေ့ကျင့်ဖို့သွားတဲ့အချိန်ကိုက ငရဲခန်းလိုဖြစ်နေတဲ့အထိ စိတ်ညစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ မိဘတွေကလည်းဖြစ်စေချင်တယ်။ ကိုယ်ကလည်း ဒီလောက်လုပ်လာခဲ့ပြီးမှတော့ အကောင်းဆုံး ဆက်ကြိုးစားတာပဲကောင်းတယ်ဆိုတဲ့စိတ်နဲ့ ဆက်လုပ်ဖြစ်တာပါ”4လို့ ထားထက်ထက်က ဆိုပါတယ်။

ထားထက်ထက်ရဲ့ပညာရေးအနေနဲ့တော့ ငယ်စဉ်ကတည်းက ဉာဏ်ကောင်းသူ တစ်ယောက်ဖြစ်တာကြောင့် စာအရမ်းညံ့တဲ့အထဲမှာတော့ မပါဝင်ခဲ့ဘူးလို့ဆိုပါတယ်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး တက္ကသိုလ်စတင်တက် ရောက်စဉ်မှာပဲ ကျောင်းကားနဲ့ အက်စီးဒင့်တစ်ခုကြုံရတာကြောင့် ကျွမ်းဘားကစားတာကို စွန့်လွှတ်ခဲ့ရတယ်လို့  ဆိုပါတယ်။ ဒီနောက်မှာ ပညာရေးကိုကြိုးစားသင်ယူခဲ့ပြီး မိဘတွေရဲ့အကြံပေးမှုနဲ့ပဲ အလှမယ်တစ်ယောက်ဖြစ် ဖို့စတင်ကြိုးစားခဲ့တယ်လို့ပြောပြခဲ့ပါတယ်။

ထားထက်ထက်က ၂၀၁၃ ခုနှစ်မှာတော့ Miss Grand International ပြိုင်ပွဲကို မြန်မာကိုယ်စားပြု အလှမယ်တစ်ယောက်အနေနဲ့ သွားရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

'အားကစားသမားအနေနဲ့ပြိုင်တယ်ဆိုတာက ကိုယ်ပြိုင်ရတဲ့ပြိုင်ပွဲအတွက်ပဲ အာရုံစိုက်ရတယ်။ အလှမယ်ဆိုတာကျတော့ ကိုယ်သွားတာ လာတာကအစ ကိုယ့်ရဲ့အပြုအမူတွေအားလုံးက နိုင်ငံကိုကိုယ်စားပြုနေတာဖြစ်တဲ့အတွက် အများကြီး သတိထားရပါတယ်။ စိတ်ဖိစီးမှုလည်းပိုများတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာကိုယ်စားပြုအဖြစ် လုပ်ဆောင်ခွင့်ရတဲ့ တစ်နှစ်တာလုံးမှာအကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားခဲ့ပါတယ်”လို့ ထားထက်ထက်က ပြောပါတယ်။

သရုပ်ဆောင်တစ်ယောက်အနေနဲ့ စတင်ခွင့်ရတဲ့ အတွေ့အကြုံကိုတော့ “အခက်အခဲတွေ အများကြီးရှိပါတယ်။ ထားထက် ပထမဆုံး ရိုက်ခွင့်ရတဲ့ဇာတ်ကားက အက်ရှင်ဇာတ်ကားပေါ့။ အဲဒီတုန်းက အက်ရှင်ချရတဲ့ဇာတ်ဝင်ခန်းတွေမှာ ထားထက်က ဂျူဒိုတွေ ဘာတွေ သင်ထားတော့ လူကြမ်းတွေကို တကယ်ချမိတာမျိုးတွေ ရှိခဲ့ဖူးတယ်။ သူတို့အားလုံးက စိတ်မဆိုးဘဲ ပံ့ပိုးပေးခဲ့ကြပါတယ်။ အခုချိန်အထိကို ထားထက်ကိုတွေ့ရင် ခနောဆန်ပြုတ်သောက်ရမယ်ဆိုပြီး နောက်နေကြတုန်းပါပဲ။ အဲဒီလိုအတွေ့အကြုံတွေက တစ်ဆင့်ပဲ လေ့လာသင်ယူခဲ့ရပါတယ်” လို့ ထားထက်ထက်က ဆိုခဲ့ပါတယ်။

ထားထက်ထက်က လက်ရှိမှာတော့ ရုပ်ရှင်ကားကြီးနဲ့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးထားပြီး 'လူကြမ်းတစ်ယောက်ရဲ့ဒိုင်ယာရီ' လို့ နာမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားလည်း မကြာခင်ရုံတင်ပြသဖို့ရှိတယ်လို့ ဆိုပါတယ်။ ဇာတ်ကားတွေမှာ သရုပ်ဆောင်ရာမှာ အက်ရှင်ဇာတ်ကားတွေအပြင် ဟာသဇာတ်ကားတွေနဲ့ အချစ်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ထားထက်ထက်က ဒါရိုက်တာသားညီ ရိုက်ကူးတဲ့ '25 % 'ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ အောင်မြင်တဲ့ ပန်းတိုင်ကို မရောက်ခင် ခက်ခဲတဲ့ခရီးလမ်းကိုဖြတ်ကျော်ရတယ်ဆိုတာကို ထားထက်ထက်ရဲ့ငယ်စဉ်ဘ၀ အမှတ်တရတွေထဲကနေ တွေ့ မြင်နိုင်မှာပါ။ ဒါ့အပြင် မိမိရွေးချယ်တဲ့ အလုပ်တစ်ခုမှာ အကောင်းဆုံး အားထုတ်ကြိုးပမ်းရင် တစ်နေ့မှာ ရည်ရွယ်ရာပန်းတိုင်ကို ရောက်ရှိ နိုင်တယ်ဆိုတာကို လည်းတွေ့ မြင်ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် နောက်တစ်ပတ်တွေမှာလည်း ထင်ရှားတဲ့ အနုပညာရှင်တွေရဲ့ ငယ်စဉ်ဘဝက အမှတ်တရပုံရိပ်တွေတင်ပြသွားဦးမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦးလို့ ဆိုပါရစေ။                 လင်းလင်းခိုင်

Most Read

Most Recent