ဖန်ပင်းပင်း စာချုပ်ကိစ္စပေါက်ကြားခဲ့ပြီးနောက် တရုတ်ရုပ်ရှင်လုပ်ငန်း၌ အခွန်စစ်ဆေးမှု စတင်

ဖန်ပင်းပင်း စာချုပ်ကိစ္စပေါက်ကြားခဲ့ပြီးနောက် တရုတ်ရုပ်ရှင်လုပ်ငန်း၌ အခွန်စစ်ဆေးမှု စတင်
Published 6 June 2018

Photo: AFP

တရုတ်ထိပ်တန်းအမျိုးသမီး သရုပ်ဆောင်တစ်ဦးဖြစ်သည့် ဖန်ပင်းပင်းက များပြားလှသည့် အနုပညာကြေးရရှိမှုကို ဖုံးကွယ်ရန် စာချုပ်လိမ်လည်ချုပ်ဆိုခဲ့သည်ဆိုသော စွပ်စွဲချက်များ ထွက်ရှိခဲ့ပြီးနောက် တရုတ်အာဏာပိုင်များက ရုပ်ရှင်နှင့် ရုပ်သံလုပ်ငန်းမှ ထိပ်တန်းအနုပညာရှင်များ၏ ဝင်ငွေများကို စုံစမ်းစစ်ဆေးခဲ့သည်ဟု တရုတ်မီဒီယာများက ဖော်ပြခဲ့သည်။

တရုတ်အခွန်စည်းကြပ်မှုဆိုင်ရာ အာဏာပိုင်အဖွဲ့ State Authority of Taxation က အလုပ်တစ်ခုတည်းအတွက် Yin-Yang ဟုခေါ်ဆိုသည့် စာချုပ်နှစ်ခုချုပ်ဆိုမှုကို စုံစမ်းစစ်ဆေးရန် အခွန်ဌာနကို ဇွန် ၃ ရက်က ညွှန်ကြားခဲ့သည်။

ရုပ်သံသတင်းတင်ဆက်သူ Cui Yongyuan က ဖန်ပင်းပင်း၏ စာချုပ်အသေးစိတ် အချက်အလက်များကို အွန်လိုင်းတွင် ဖွင့်ချခဲ့သည်။ Cui ၏ ကနဦးဖွင့်ချမှုတွင် ဖန်သည် ဒါရိုက်တာ Feng Xiaogang ရိုက်ကူးသည့် Cell Phone 2 ဇာတ်ကားအတွက် ဒေါ်လာ ၁ ဒသမ ၅၆ သန်း ရရှိခဲ့သည်ဟု ပြသခဲ့သည်။ ယင်းဇာတ်ကားတစ်ခုတည်းအတွက် ဒုတိယစာချုပ်တွင် ဒေါ်လာ ၇ ဒသမ ၈ သန်းဟု ဖော်ပြထားကြောင်း Cui က ထုတ်ဖော်ပြောကြားခဲ့သည်။ ဖန်သည် ၎င်းရရှိသည့် အနုပညာကြေး ဒေါ်လာ ၉ ဒသမ ၃ သန်းအစား ဝင်ငွေနည်းပါးသည့် စာချုပ်ကိုသာ အခွန်အာဏာပိုင်များကို ထုတ်ပြန်ရန် ရည်ရွယ်ပြီး ယင်းသို့လုပ်ဆောင်ခြင်းဖြစ်နိုင်သည်ဟု Cui က အရိပ်အမြွက် ပြောကြားခဲ့သည်။

ဖန်ကမူ မရိုးသားမှု တစ်စုံတစ်ရာ ပြုလုပ်ခဲ့ခြင်းမရှိဟု ငြင်းဆိုခဲ့ပြီး ယင်းစွပ်စွဲချက်များကို တုံ့ပြန်ရန် ဥပဒေအဖွဲ့ကို ငှားရမ်းခဲ့သည်။ ယခုနှစ် ကိန်းရုပ်ရှင်ပွဲတော်၏ ဂျူရီအဖွဲ့တွင် ပါဝင်ခဲ့သည့် အသက် ၃၆ နှစ်အရွယ်ရှိ ဖန်သည် ၂၀၁၆ ခုနှစ် ဝင်ငွေအကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်စာရင်းတွင် ဒေါ်လာ ၁၇ သန်းဖြင့် နံပါတ်ငါးနေရာတွင် ဖော်ပြခံခဲ့ရသည်ဟု Forbes က ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent