Solo း A Star Wars Story က မြောက်အမေရိက၏ ဝင်ငွေအများဆုံးရုပ်ရှင်အဖြစ် ဆက်လက်ရပ်တည်

Solo း A Star Wars Story က မြောက်အမေရိက၏ ဝင်ငွေအများဆုံးရုပ်ရှင်အဖြစ် ဆက်လက်ရပ်တည်
Published 5 June 2018

Photo - AP

ပြသနေသည်မှာ ဒုတိယမြောက်အပတ်သို့ ရောက်လာပြီဖြစ်သည့် Solo း A Star Wars Story  သည် ပြီးခဲ့သည့်သီတင်းပတ်ကလည်း မြောက်အမေရိက၏ ဝင်ငွေအများဆုံး ရုပ်ရှင်ဖြစ်ခဲ့သည်။ သို့သော် ရရှိခဲ့သည့်ဝင်ငွေမှာ အများကခန့်မှန်းသည်ထက် များစွာနိမ့်ကျပြီး ဒေါ်လာ ၂၉ ဒသမ ၃ သန်းသာ ရရှိခဲ့သည်။ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့သော Star Warsး Rogue One ၏ ဒုတိယမြောက်သီတင်းပတ် ဝင်ငွေမှာ ဒေါ်လာ ၆၄ သန်းဖြစ်ပြီး Star Wars း The Last Jedi မှာ ဒေါ်လာ ၇၁ သန်းဖြစ်သည်။ အချို့သော ရုပ်ရှင်သုံးသပ်သူများကမူ Star Wars  ရုပ်ရှင်များကို ငြီးငွေ့လာခြင်းဖြစ်သည်ဟု ပြောခဲ့ကြသည်။ Solo း A Star Wars Story သည် နိုင်ငံတကာ၌ ပြသရာတွင်မူ ဝင်ငွေဒေါ်လာ ၂၆၄ သန်း ရရှိထားပြီ ဖြစ်သည်။

ဝင်ငွေအများဆုံးစာရင်း၏ ဒုတိယနေရာတွင်ရှိသည်မှာ Deadpool 2  ဖြစ်ပြီး ဝင်ငွေ ဒေါ်လာ ၂၃ ဒသမ ၃ သန်းရရှိထားသည်။

တတိယနေရာတွင် ရှိနေသည်မှာ STX Films မှ ထုတ်လုပ်သော ရုပ်ရှင်ကားသစ် Adrift ဖြစ်ပြီး ဝင်ငွေဒေါ်လာ ၁၁ ဒသမ ၅ သန်းရရှိထားသည်။ ငယ်ရွယ်သော စုံတွဲတစ်တွဲ၏ ရွက်လွှင့်သင်္ဘောသည် သမုဒ္ဒရာအလယ်တွင် ဟာရီကိန်းနှင့် ကြုံခဲ့ရသည့်အကြောင်းဖြစ်သော ထိုရုပ်ရှင်ထဲ၌ Shailene Woodley နှင့် Sam Claflin တို့ ပါဝင်သရုပ်ဆောင်ထားသည်။ ပြသနေသည်မှာ ခြောက်ပတ်မြောက်သို့ ရောက်နေပြီဖြစ်သည့် ဒစ္စနေမှ Avengers း Infinity War ဖြစ်ပြီး ပြီးခဲ့သည့်သီတင်းပတ်က ဝင်ငွေဒေါ်လာ ၁၀ ဒသမ ၄ သန်းရရှိခဲ့သည်။ Infinity War ၏ ကမ္ဘာတစ်ဝန်း၌ ပြသသော ဝင်ငွေများကိုပါ ပေါင်းလိုက်ပါက ဒေါ်လာ ၁ ဒသမ ၉၆ ဘီလျံရရှိနေပြီဖြစ်ပြီး သမိုင်းတစ်လျှောက် စတုတ္ထမြောက် ဝင်ငွေအများဆုံး ရုပ်ရှင်ဖြစ်လာခဲ့သည်။

နံပါတ် ၅ နေရာတွင် ရပ်တည်နေသည် မှာ Book Club ဖြစ်ပြီး ဝင်ငွေဒေါ်လာ ၆ ဒသမ ၈ သန်း ရရှိထားသည်။

Most Read

Most Recent