<

တရုတ်အမျိုးသမီး သရုပ်ဆောင် အင်ဂျလာဘေဘီက ဇာတ်ကားတစ်ကားအတွက် ဒေါ်လာ ၁၂ သန်း ကျော်ရရှိ

 

သရုပ်ဆောင် ဟွမ်းရှောင်မင်းက ၎င်း၏ ဇနီး အင်ဂျလာဘေဘီသည် သရုပ်ဆောင်ကောင်းသူ တစ်ဦးမဟုတ်ဟု တစ်ချိန်က ဝေဖန်ခဲ့ဖူးသည်။ သို့သော် မကြာမီက ထုတ်ပြန်ခဲ့သည့် တရုတ်တွင် ၀င်ငွေအများဆုံးရ သရုပ်ဆောင်စာရင်းနှစ်ခုကြောင့် အင်ဂျလာသည် ဟွမ်းရှောင်မင်း၏ စကားကို ရယ်ကောင်းရယ်မိမည်ဖြစ်သည်။

ဝင်ငွေအများဆုံးရအမျိုးသမီးသရုပ်ဆောင်များကို ဖော်ပြသည့်စာရင်းတွင် အင်ဂျလာဘေဘီသည် ဇာတ်ကားတစ်ကားအတွက် ဒေါ်လာ  ၁၂ ဒသမ ၄၆ သန်း (၀မ်သန်း ၈၀) ကျော်ရရှိသည့်  အမျိုးသမီးသရုပ်ဆောင်  ၁၀ ဦးတွင် ပါဝင်ခဲ့သည်။ ၀င်ငွေအ များဆုံးရအမျိုးသားသရုပ်ဆောင်စာရင်း တွင်မူ ဟွမ်းသည် ဒေါ်လာ ၉ ဒသမ ၃၄ သန်း (ယွမ်သန်း ၆၀) ကျော်သာ ရရှိခဲ့ပြီး ဇနီးသည်၏၀င်ငွေထက် နည်းပါးခဲ့သည်။

အဆိုပါ စာရင်းနှစ်ခုအရ တရုတ်တွင်လည်း ဟောလိဝုဒ်ကဲ့သို့ပင် အမျိုးသား သရုပ်ဆောင်များသည် အမျိုးသမီးသရုပ်ဆောင်များထက် သရုပ်ဆောင်ကြေး ပိုမိုရရှိသည်ကို ဖော်ပြခဲ့သည်။ တရုတ်အမျိုးသား သရုပ်ဆောင်များဖြစ်သည့် ဟူကီ၊ ချန်ခွန်နှင့် ယန်ယန်းတို့သည် ဇာတ်ကားတစ်ကား ရိုက်ကူးမှုအတွက် ၀င်ငွေ ယွမ်သန်း ၁၀၀ ရရှိသည်ဟု သိရသည်။

အသက် ၂၈ နှစ်အရွယ်ရှိ အင်ဂျလာဘေဘီသည် တရုတ်တွင် နာမည်ကြီးသရုပ်ဆောင်တစ်ဦးဖြစ်ပြီး Forbes မဂ္ဂဇင်းက ထုတ်ပြန်သည့် ၂၀၁၇ ခုနှစ် သြဇာလွှမ်းမိုးမှုအရှိဆုံး တရုတ်အနုပညာရှင်စာရင်းတွင် နံပါတ် ၈ နေရာ၌ ဖော်ပြခံခဲ့ရသည်။

တရုတ်ပြည်မကြီးတွင် ၀င်ငွေအများဆုံးရ လူငယ်အမျိုးသမီး သရုပ်ဆောင်တစ်ဦးဖြစ်သည့် အင်ဂျလာဘေဘီသည် ကိုရီးယား ရုပ်သံအစီအစဉ် Running Man ကို တရုတ်တင်ဆက်ပုံဖြင့် ရိုက်ကူးသည့်အစီအစဉ်တွင် ပင်တိုင်ပါဝင်သူတစ်ဦးဖြစ်သည်။ အင်ဂျလာသည် Independence Day: Resurgence နှင့် See You Tomorrow ဇာတ်ကားတို့တွင်လည်း ပါဝင်ခဲ့ပြီး ချီးကျူးခံခဲ့ရသည်။ အင်ဂျလာသည် ၂၀၁၆ ခုနှစ် ပန်း ၁၀၀ ရုပ်ရှင်ဆုပေးပွဲတွင် Mojin: The Lost Legend ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့သရုပ်ဆောင်ဆု ရရှိခဲ့သည်။

အင်ဂျလာဘေဘီသည် ဟွမ်းရှောင်မင်းနှင့် ခြောက်နှစ်ကြာတွဲခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာတွင် လက်ထပ်ခဲ့သည်။

June 3, 2018














Copy Protected by Chetan's WP-Copyprotect.