သရုပ်ဆောင်တေးသံရှင် မိုရီဆာကီဝင်းနှင့်တွေ့ဆုံခြင်း

သရုပ်ဆောင်တေးသံရှင် မိုရီဆာကီဝင်းနှင့်တွေ့ဆုံခြင်း
Published 30 May 2018

‘ကိုယ်တတ်တဲ့ အနုပညာနဲ့ပဲ ကျေးဇူးဆပ်တဲ့အနေနဲ့ ဆက်ကြိုးစားသွားမယ်ဆိုတဲ့ စိတ်ကို မြန်မာပြည်ပြန်ရောက်တိုင်း အမြဲ စိတ်ထဲသတိရ ထည့်ထားမိပါတယ် ‘

 

ပွင့်လင်းရိုးသားသည့် စကားပြောဟန်၊ ဖြူစင်သည့်စိတ် နှလုံးသားဖြင့် ပြောသမျှ စကားတိုင်း၏ ရိုးရှင်းမှုကို ပရိသတ်များ နှစ်သက်သဘောကျစေသူ၊ ပွင့်လင်းရိုးရှင်းသည့် အပြုံးများ၏ ပိုင်ရှင်ဟုဆိုရမည့် အဝင်းဟု ချစ်စနိုးခေါ်ကြသော မိုရီဆာကီဝင်းမှာ Fujifilm Myanmar ၏ Brand Ambassador အဖြစ်လက်တွဲ၍ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။ ကမ္ဘာ့ထိပ်တန်းဒါရိုက်တာ စတီဗင်စပီးဘက်သ့် ရိုက်ကူးသည့် Ready Player One ဇာတ်ကားတွင် ပါဝင်ခွင့်ရရှိခဲ့သည့်အပြင် ဂျပန်မြန်မာ ပူးပေါင်းရိုက်ကူးသည့် ဇာတိမြေဇာတ်ကားတွင်လည်း ပါဝင်ထားသူဖြစ်သည်။ ဂျပန်နိုင်ငံမှ Prizmax အဖွဲ့တွင်ပါဝင်လျက်ရှိသူ မိုရီဆာကီဝင်း၏ မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့သည့်ခရီးစဉ်တွင် ဂျပန်ရုပ်သံလိုင်း တစ်ခုမှလည်း မှတ်တမ်းရုပ်ရှင် လိုက်ပါရိုက်ကူးခဲ့သည်ကို တွေ့မြင်ရသည်။ စိတ်ထဲတွင်ရှိသည့်အတိုင်း မေးခွန်းများကိုဖြေကြားလေ့ရှိသည့် မိုရီဆာကီဝင်း (ခေါ်) အဝင်းနှင့်တွေ့ဆုံ၍ မေးမြန်းဖြစ်သည်များအား ပြန်လည်ဖော်ပြပေးလိုက်ပါသည်။

 

မေး - Fujifilm Myanmar နဲ့လက်တွဲပြီး ဆောင်ရွက်ဖြစ်တဲ့ အကြောင်းကို အရင်ဆုံး ပြောပြပေးပါဦး။

ဖြေ - ကျွန်တော်နဲ့ Fujifilm Myanmar နဲ့ လက်တွဲပြီးလုပ်ဖို့ဆိုတာက ဂျပန်နဲ့ မြန်မာလက်တွဲပြီး အလုပ်တွေ အများကြီးလုပ်စေချင်တယ်။ ဂျပန်ပြည်ကနေလာပြီး မြန်မာနိုင်ငံမှာ အလုပ်လာလုပ်နေတဲ့ ကုမ္ပဏီတွေလည်း အများကြီးရှိတယ်လေ။ အဲဒီလိုကုမ္ပဏီမျိုးတွေနဲ့ ကျွန်တော်တတ်ကျွမ်းတဲ့ အနုပညာကိုလက်တွဲပြီး လုပ်လိုတဲ့စိတ်ကူးက အရင်ကတည်းကလည်း ရှိပါတယ်။ အဲဒီလိုအချိန်မျိုးမှာ Fujifilm ကနေကျွန်တော့်ကို ကမ်းလှမ်းလာတာကြောင့်လက်ခံပြီး လက်တွဲလုပ်ဆောင်ဖို့ ဆုံးဖြတ်ဖြစ်သွားတာပါ။

 

မေး- ဂျပန်နိုင်ငံမှာရော ဘယ်လိုအနုပညာလုပ်ငန်းမျိုးတွေ လုပ်ဖြစ်နေလဲ။ မြန်မာနိုင်ငံမှာရော ဘယ်လိုအနုပညာလုပ်ငန်းတွေ လုပ်ဖြစ်ဦးမလဲ။

ဖြေ- လုပ်ဖြစ်ဖို့တော့ အများကြီးရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း အားပေးနေတဲ့ပရိသတ်တွေ အများကြီးရှိတာကြောင့်လည်း ဝမ်းသာရပါတယ်။ အခုမြန်မာနိုင်ငံကိုလာတဲ့ ခရီးစဉ်မှာလည်း ဂျပန်နိုင်ငံက ရုပ်သံအစီအစဉ်က အဝင်းရဲ့မြန်မာနိုင်ငံခရီးစဉ်ကို ရိုက်မယ်ထုတ်လွှင့်မယ်ဆိုတော့ နောက်ထပ်လည်း အခုလိုအစီအစဉ်မျိုးတွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ လှုပ်ရှားမှုတွေကိုလည်း အမြဲပဲစောင့်ကြည့် အားပေးစေချင်ပါတယ်။

 

မေး- ဟောလိဝုဒ်က ထိပ်တန်းဒါရိုက်တာတစ်ဦးဖြစ်တဲ့ စပီးဗက်ရိုက်ကူးတဲ့ Ready Player One ဇာတ်ကားမှာ ပါဝင်ဖို့ audition ဝင်ရတဲ့အတွေ့အကြုံကိုလည်း ပြောပြပေးပါဦး။

ဖြေ- Ready Player One အတွက် ၂၀၁၅ မှာ audition ပထမဆုံး ဝင်ခဲ့ရတယ်။ ဗီဒီယို audition နဲ့ အရင်ဆုံးဝင်ရပါတယ်။ အဲဒါကို ကြိုက်တယ်ဆိုပြီးတော့ ကျွန်တော့်ကိုထပ်ခေါ်ပါတယ်။ နောက်တစ်ဆင့်အနေနဲ့ ဒါရိုက်တာစတီဗင်စပီးဗက်က စောင့်နေပြီးတော့ သူ ကိုယ်တိုင်ကလည်း ကျွန်တော့်ကို မေးပါတယ်။ ဘယ်ကလာတာလဲ စသဖြင့်ပေါ့။ ကျွန်တော်ကလည်း မြန်မာပြည်ကလာတာပါစသဖြင့် ပြန်ဖြေရပါတယ်။ အဲဒီတွေ့ဆုံမှုအပြီး ရှစ်လလောက်စောင့်ခဲ့ရပါ တယ်။ ၂၀၁၆ မှာ အင်္ဂလန်မှာ လေးလနေပြီး ရှုတင်ဝင်ခဲ့ရပါတယ်။ ပြီးတော့မှ အခုရုံတင်တာပေါ့နော်။ ပထမတော့ မြန်မာပြည်မှာပြမှန်း ကျွန်တော်မသိဘူး။ နောက်တော့ ဒီမှာပြတယ်ဆိုတော့ အရမ်းဂုဏ်ယူခဲ့ရပါတယ်။

 

မေး- ရိုက်ကူးမှု အတွေ့အကြုံဆိုရင်ရော။

ဖြေ - အတွေ့အကြုံကတော့ ဟောလိဝုဒ်ကားဖြစ်တော့ ဒီကားကိုရိုက်ဖို့ လေးလတောင်အချိန်ယူခဲ့တယ်။ မနက် ၉ နာရီဆို စပြီ။ ညနေ ၅ နာရီဆို ကျွန်တော်ရိုက်ရတဲ့အပိုင်းက ပြီးပြီ။ အပတ်တိုင်း စနေ၊ တနင်္ဂနွေ သေချာနားရတဲ့ရက်ပေးတယ်။ ဘတ်ဂျက်က အရမ်းများတော့ စတူဒီယိုတို့ဘာတို့က အရမ်း skill ကြီးတယ်။ အတွေ့အကြုံ တွေ အများကြီးရတယ်။ technology ပိုင်းတွေလည်း အရမ်းမြင့်တဲ့အခါကျတော့ ပြောမယ်ဆိုရင် စိတ်တွေခုန်တာပေါ့။

 

မေး- စတီဗင်စပီးဗက်ဆီက ဘယ်လိုအရာတွေ လေ့လာခွင့်ရခဲ့လဲ။

ဖြေ- ဘာတွေလေ့လာခွင့်ရခဲ့လဲဆိုတော့ သူက ကျွန်တော်တို့ဘက်က ကြည့်မယ်ဆိုရင် Legend တစ်ယောက်ပါ။ အလွယ်တကူ စကားပြောခွင့်ရတာတောင်မှ ကျေးဇူးတင်ရမှာလေ။ တကယ့်ကိုကြီးမားတဲ့ အတွေ့အကြုံတစ်ခုရတယ်။ ရိုက်ကွင်းတူတူဝင်ခဲ့ရတယ်ဆိုတော့ ပြောစရာကိုမလိုဘူး။ ရိုက်ကွင်းမှာဆိုလည်း စပီးဗက်အနေနဲ့မဟုတ်ဘဲ  လူငယ်တွေနဲ့အတူ စကားတွေပြောပေးတယ်။ ရုပ်ရှင်ရိုက်နေစဉ်မှာ ကျွန်တော်တို့ကို စိတ်ဓာတ်ကျအောင်တစ်ခုမှမပြောဘူး။ စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးတဲ့စကားတွေပဲ ပြောတယ်။ ပြောမယ်ဆို ရင် အရမ်းကျေးဇူးတင်သလို အတွေ့အကြုံကလည်း တန်ဖိုးမဖြတ်နိုင်အောင်ပါပဲ။

 

မေး- မြန်မာနိုင်ငံက ပရိသတ်တွေအရမ်းအားပေးကြတဲ့အပေါ် ဘယ်လိုခံစားရလဲ။

ဖြေ- ကျွန်တော့်ကိုအားပေးတဲ့ ပရိသတ်တွေ အများကြီးရှိတယ်။ ကျွန်တော်ဘာလုပ်မလဲ၊ ပွဲလာလုပ်မှာလား၊ ရုပ်ရှင်ရိုက်မှာလားစသဖြင့် သိချင်နေကြတဲ့ ပရိသတ်တွေအမြဲတမ်းရှိနေသလို အားပေးတဲ့ ပရိသတ်တွေရှိနေတယ်။ အဲဒါတွေရှိခြင်းအားဖြင့် အသက်ရှင်ရတာ အဓိပ္ပာယ်ရှိနေပါတယ်။ ကိုယ့်ကိုယ်ကိုယ် အနုပညာရှင်ရယ်လို့ပြောတာမဟုတ်ပေမယ့် အနုပညာရှင်ဆိုတာက ပရိသတ်တွေရှိမှ ရပ်တည်နိုင်မှာလေ။ ဘယ်လိုခံစားရလဲဆိုရင် ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလုံးက ပြောဖို့လွယ်တယ်။ စကားနဲ့ ပြောလို့မရလောက်အောင် စိတ်ထဲမှာခံစားရတဲ့အတွက် အဲဒီခံစားမှုကို ကိုယ်တတ်တဲ့အနုပညာနဲ့ပဲ ကျေးဇူးဆပ် တဲ့အနေနဲ့ ဆက်ကြိုးစားသွားမယ်ဆိုတဲ့စိတ်ကို မြန်မာပြည်ပြန်ရောက်တိုင်း အမြဲစိတ်ထဲ သတိရထည့်ထား မိပါတယ်။

 

မေး- ဇာတိမြေဇာတ်ကားကိုလည်း ပရိသတ်တွေက စောင့်မျှော်နေကြတယ်နော်။

ဖြေ- ရုံက မလွတ်သေးဘူးလို့ ပြောတာပါပဲ။

 

မေး- မြန်မာသီချင်းတွေကိုရော ဖန်တီးဖို့ရှိမလား။

ဖြေ - ရှိပါတယ်။ မြန်မာသီချင်းတွေ ကျွန်တော် အရမ်းဆိုချင်ပါတယ်။

 

မေး- ဘယ်လိုအကြောင်းအရာမျိုးတွေကို သီဆိုချင်လဲ။

ဖြေ- အကြောင်းအရာကတော့အစုံပါပဲ။ ပထမဆုံးတော့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင် တယ်ဆိုတဲ့အကြောင်းလေးကို သီချင်းအနေနဲ့ သီဆိုချင်ပါတယ်။ မြန်မာစာသားကို သေချာရေးတတ်အောင် ကျွန်တော် ကြိုးစားနေပါတယ်။

 

မေး- မှတ်တမ်းရုပ်ရှင်ရိုက်တဲ့သူလည်း လိုက်လာတော့ ဘယ်လိုအပိုင်းတွေ အဓိက ရိုက်သွားမှာလဲ။

ဖြေ- အဓိကတော့ ကျွန်တော် ဒီကိုလာတုန်းမှာ လှုပ်ရှားမှုတွေကို လိုက်ရိုက်ပါတယ်။ ပြီးတော့ ကျွန်တော်လိုက်ပြချင်တဲ့နေရာတွေ၊ သိစေချင်တာတွေကိုရိုက်ကူးမှာပါ။ မြန်မာနိုင်ငံက လှပတဲ့နေရာလေးတွေ၊ အစားအသောက်ဓလေ့ထုံးစံနဲ့ ယဉ်ကျေးမှုတွေ၊ မြန်မာလူမျိုးတွေရဲ့ ချစ်ဖို့ကောင်းတဲ့အကြောင်း လေးတွေကိုလိုက်ရိုက်ဖို့ခေါ်သွားဖြစ်ပါတယ်။ အဲဒါက ဂျပန်ရုပ်သံမှာပြသသွားမှာဖြစ်တဲ့အတွက် မြန်မာတွေ အတွက်လည်း ဂုဏ်ယူစရာဖြစ်မယ်လို့ ထင်ပါတယ်။

 

မေး- စိတ်ကူးထဲက ချစ်သူပုံစံဆိုတာ သတ်မှတ်ထားတာမျိုးရော ရှိလား။

ဖြေ- ကျွန်တော့်ကိုကြိုက်တဲ့ ကောင်မလေးကို ကျွန်တော်ကကြိုက်တယ်။ ကျွန်တော်တစ်ယောက်တည်းက ချစ်နေရင် ကျွန်တော့်စိတ်ထဲကနာတာပဲရှိတယ်လေ။ Like လား၊ Love လား။ အဲဒါက ရှိသေးတယ်လေ။ လက်ထပ်တဲ့စာချုပ်ကိုရှိရင် ယူလာခဲ့ပါ။ အဲဒီလောက်ထိ ကျွန်တော့်ကိုကြိုက်တယ်ချစ်တယ်ဆိုရင် ကျွန်တော်ပြန်ကြိုက်မှာပါ။

 

မေး- ပရိသတ်တွေကိုပြောချင်တဲ့ စကားလက်ဆောင်များ ရှိမလား။

ဖြေ- ပရိသတ်တွေကိုတော့ ကျွန်တော့်ကိုမမေ့ဘဲ ကျွန်တော့်ကိုချစ်ပေးပါ။ ဂရုစိုက်ပေးပါ။ သတိရ အားပေးပေးပါလို့ပြောချင်ပါတယ်။

Most Read

Most Recent