ဒါရိုက်တာ အောင်ဇော်လင်းနှင့် တွေ့ဆုံခြင်း

ဒါရိုက်တာ အောင်ဇော်လင်းနှင့် တွေ့ဆုံခြင်း
Published 29 May 2018

‘ကျွန်တော်က တခြားကိစ္စတွေမှာ ရောင့်ရဲတင်းတိမ်နိုင်ပေမယ့်  အနုပညာနဲ့ပတ်သက်ရင် လောဘတော့နည်းနည်းကြီးတယ်’

လတ်တလောရုံတင်ပြသခဲ့သည့်  ‘မုန်းလို့ရရင်မုန်းချင်တယ်’ ဇာတ်ကားမှာ လူငယ်များ၏ အချစ်နှင့်ဘဝ၏ လောကဓံတို့ကို အပီပြင်ဆုံးပုံဖော်ထားသည့် ဇာတ်ကားတစ်ကားဖြစ်သည့်အပြင် ဇာတ်လမ်း၏ ခံစားမှုများနှင့်လိုက်ဖက်လှသည့် ဇာတ်ဝင်တေးသီချင်းများစွာလည်း ဖန်တီးထည့်သွင်းထားသည့် ဇာတ်ကားတစ်ကား ဖြစ်သည်။ ယင်းဇာတ်ကား၏ ဖန်တီးသူ ဒါရိုက်တာ အောင်ဇော်လင်းမှာ ဗီဒီယိုဇာတ်ကားများနှင့် ပရိသတ်အားပေးမှုရရှိပြီးဖြစ်သော်လည်း ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြင့်ပင် ပရိသတ်များနှင့် မှတ်တိုင်တစ်ခု တည်ဆောက်နိုင်ခဲ့သူ ဖြစ်သည်။ ဇွန် ၁ ရက်တွင် ရုံတင်ပြသမည်ဖြစ်ကာ သုံးပွင့်ဆိုင်အချစ် ဇာတ်လမ်းကောင်းတစ်ခုဖြစ်သည့် ငါ့ကိုနမ်းတဲ့မုန်တိုင်း ဇာတ်ကားတွင်လည်း ဒါရိုက်တာအောင်ဇော်လင်းက ဒါရိုက်တာ ဝင်းလွင်ထက်နှင့်တွဲဖက်၍ ညှိနှိုင်းဖန်တီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဒါရိုက်တာအောင်ဇော်လင်းနှင့်တွေ့ဆုံ၍ ဇာတ်ကားရိုက်ကူးမှု အတွေ့အကြုံများ၊ ဇာတ်ကားတွင်ပါဝင်သည့် သရုပ်ဆောင်များအပေါ် သုံးသပ်ချက်များ၊ ရှေ့ဆက်ရိုက်ကူးသွားမည့် ဇာတ်ကားများအတွက် ပြင်ဆင်ထားမှုများကိုပါ မေးမြန်းဖြစ်ခဲ့ပါသည်။

■မေး - မုန်းလို့ရရင် မုန်းချင်တယ်ဇာတ်ကားရဲ့ ဇာတ်လမ်းပုံစံက ပရိသတ်တွေအတွက်မစိမ်းတဲ့ ဇာတ်လမ်းပုံစံ ဖြစ်ပေမယ့် ကြည့်ရသူတိုင်းရင်ထဲကို နက်နက်ရှိုင်းရှိုင်း ရောက်ရှိစေခဲ့တယ်။ အဲဒီအပေါ် ဖန်တီးသူတစ်ယောက်ရဲ့ စိတ်ခံစားမှုကို သိချင်ပါတယ်။

■ ဖြေ - မုန်းလို့ရရင် ဇာတ်လမ်းဖရိန်လေးက တကယ်ကိုရိုးရှင်းတဲ့ ဇာတ်ဖရိန်လေးပါ။ အဲဒါကိုမှ ကျွန်တော်နားလည်သလောက်ခံစားပြီး ကြိုးစားဖန်တီးခဲ့တာပါ။

■ မေး - ဒီဇာတ်ကားမှာပါဝင်တဲ့ သရုပ်ဆောင်တစ်ဦးချင်းရဲ့  ဇာတ်ရုပ်အပေါ် ခံစားသက်ဝင်မှု အရမ်းအားကောင်းတာ တွေ့ရပါတယ်။ အဲဒီအပေါ်မှာရော ကျေနပ်မိလား။

■ ဖြေ - ကျွန်တော် ဒီဇာတ်ကားထဲက သရုပ်ဆောင်တွေအားလုံးရဲ့ သရုပ်ဆောင်မှုကို ကျေနပ်အားရပါတယ်။ တကယ့်ကို ပင်ပင်ပန်းပန်းနဲ့ ကြိုးစားသရုပ်ဆောင်ခဲ့တဲ့အတွက် သူတို့အားလုံးကို ကျေးဇူးတင်ပါတယ်။

■ မေး - ဇာတ်ဝင်သီချင်း သီးခြားဖန်တီးသုံးစွဲမှု အားနည်းနေတဲ့ အခုလိုအချိန်မျိုးမှာ ဇာတ်ဝင်သီချင်းတွေကို အကောင်းဆုံးဖြစ်အောင် ဖန်တီးထည့်သွင်းရတဲ့ ရည်ရွယ်ချက်ကိုလည်း သိချင်ပါတယ်။

■ ဖြေ - ဒီဇာတ်ကားလေးကို ပိုပြီး ပြီးပြည့်စုံစေချင်တာပါ။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်က တေးရေးဆရာတစ်ယောက်ဖြစ်တဲ့အတွက် သူရေးတဲ့သီချင်းတွေကို ဇာတ်ဝင်သီချင်းအဖြစ် ဖန်တီးတာက ပိုပြီးသဘာဝကျမယ် ထင်လို့ပါ။

■ မေး - ဇွန် ၁ ရက်မှာပြသမယ့် ငါ့ကိုနမ်းမယ့်မုန်တိုင်း ဇာတ်ကားမှာ ဒါရိုက်တာကိုဝင်းလွင်ထက်နဲ့ တွဲဖက်ရိုက်ကူးဖြစ်တဲ့အကြောင်းကိုလည်း သိချင်ပါတယ်။

■ ဖြေ - အဓိက ကိုဘိုဆန်းစီစဉ်တာပါ။ သူက ကျွန်တော်နဲ့ ကားကြီးတစ်ကားရိုက်ဖို့ ပြောထားဖူးပါတယ်။ ဒါရိုက်တာက နှစ်ယောက်ဖြစ်မယ်တဲ့။ ကိုဝင်းလွင်ထက်နဲ့လည်း ရိုက်ဖို့ ပြောထားပြီးသား ရှိလို့ပါတဲ့။ အဲဒါနဲ့ ကျွန်တော်လည်း ကိုဝင်းလွင်ထက်နဲ့ စကားပြောကြည့်ပါရစေဆိုပြီးတွေ့ပြီး စကားပြောဖြစ်တယ်။ ပြီးမှ ရိုက်ဖြစ်သွားတာပါ။

■ မေး - နှစ်ယောက်လုံးက Creation ပိုင်းမှာ တစ်မျိုးစီအားသာချက်ရှိတော့ ဇာတ်ကားရိုက်တဲ့အခါ ဘယ်လိုတွေ ညှိယူခဲ့ရလဲ။ ဇာတ်ကားကောင်းဖို့အတွက် ငြင်းခုံရတာတွေ ကြုံရသေးလား။

■ ဖြေ - ဇာတ်ကားကောင်းဖို့အတွက် ငြင်းခုံရတယ်ဆိုတာထက် ညှိနှိုင်းခဲ့တယ်လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။

■ မေး - အဓိကသရုပ်ဆောင်တွေအဖြစ်ပါဝင်တဲ့ လွှမ်းပိုင်နဲ့ရဲရင့်အောင်က ဂီတဘက်ကသူ တွေဆိုတော့ သူတို့တွေကို သင်ပေးတဲ့အခါ အခက်အခဲရှိလား။

■ ဖြေ - အခက်အခဲက ကြီးကြီးမားမားတော့ သိပ်မရှိပါဘူး။ ဒီဇာတ်ကားထဲမှာ သူတို့သရုပ်ဆောင်ရတဲ့ ကာရိုက်တာတွေကလည်း နည်းနည်းပြင်းထန်တယ်ဆိုတော့ တချို့ဟဲဗီးဖြစ်တဲ့ Scene တွေဆို အချိန်နည်းနည်းပေး ရတယ်။ သူတို့ကတော့ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။

■ မေး - ငါ့ကိုနမ်းမယ့် မုန်တိုင်းဇာတ်ကားကရော ပရိသတ်တွေအတွက် ဘယ်လိုရသအသစ်တစ်မျိုး ထပ်ပြီးရနိုင်မယ်လို့ထင်လဲ။

■ ဖြေ - အသစ်တစ်ခုကိုတော့ မြင်တွေ့ရမှာပါ။ အောင်မြင်တဲ့ အဆိုတော်နှစ်ယောက်ကို ရုပ်ရှင်ရုံမှာ ပထမဆုံးမြင်တွေ့ခွင့်ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ နေညိုသွင်နဲ့ သြရထူးဆိုတဲ့ လူငယ်နှစ်ယောက်ရဲ့ အချစ်တစ်ခုကိုရဖို့  အားပြိုင်မှု။ လိုချင်တပ်မက်မှုတွေ အရမ်းများလာတဲ့အခါ အမှားတွေကို ဘယ်လိုဆက်တိုက်ကျူးလွန် မိလဲဆိုတာကို ပရိသတ်တွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

■ မေး - နောက်ပိုင်းဖန်တီးမယ့် ဇာတ်ကားတွေကရော ခံစားမှု အသားပေးဇာတ်ကားမျိုးတွေပဲ ဖြစ်မလား။

■ ဖြေ - ကျွန်တော် ရသစုံအောင်တော့ ရိုက်ကူး ဖြစ်မယ်ထင်ပါတယ်။

■ မေး - ဒီလောကထဲမှာ နှစ်ပေါင်းများစွာ လေ့လာဆည်းပူး ဖန်တီးခဲ့တဲ့ သူတစ်ယောက်အနေနဲ့ လက်ရှိအနေအထားကိုရော ကျေနပ်လား။

■ ဖြေ - သိပ်တော့မကျေနပ်သေးဘူး။ ကျွန်တော်က တခြားကိစ္စတွေမှာ ရောင့်ရဲတင်းတိမ်နိုင်ပေမဲ့ အနုပညာနဲ့ပတ်သက်ရင် လောဘတော့နည်းနည်းကြီးတယ်။ ကျွန်တော်လုပ်နိုင်သမျှ ပရိသတ်ဆီ အပြည့်အ၀ တင်ပြချင်တာရယ်၊ ဒီထက်ပိုမိုက်တာတွေ ဖန်တီးခွင့်မရသေးတာကြောင့် ကျေနပ်မှုမရှိသေးဘူးလို့ ပြောတာပါ။

■ မေး - ပရိသတ်တွေကိုပြောချင်တဲ့ စကားလက်ဆောင်များ ရှိမလား။

■ ဖြေ - အခုပြောခဲ့တာတွေက မုသားမပါဘဲ ကျွန်တော့်ရင်ထဲက တကယ်ခံစားရတာတွေ ဖြစ်တယ်ဆိုတာ ပရိသတ်ကို သိစေချင်တာပါ။ တစ်စုံတစ်ရာမှားယွင်းခဲ့တာရှိရင် နားလည်ပေးပါလို့။ အားလုံးကိုကျေးဇူးပါ။

 

Most Read

Most Recent