အနာဂတ် မတည်မငြိမ်ဖြစ်နေသည့် စီရော်နယ်လ်ဒိုက လာမည့်နှစ်တွင် ထပ်မံဆုံတွေ့မည်ဟု ပြောကြား

အနာဂတ် မတည်မငြိမ်ဖြစ်နေသည့် စီရော်နယ်လ်ဒိုက လာမည့်နှစ်တွင် ထပ်မံဆုံတွေ့မည်ဟု ပြောကြား
Published 29 May 2018

Photo: AFP

ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးတွင် အနာဂတ်အား ရက်ပိုင်းအတွင်း ဆုံးဖြတ်မည်ဟု ပြောကြားခဲ့သည့် ရီးယဲလ်အသင်း တိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုက မက်ဒရစ်မြို့ အောင်ပွဲခံ အခမ်းအနားတွင်မူ လာမည့်နှစ် ထပ်မံဆုံတွေ့မည်ဖြစ်ကြောင်း ပရိသတ်များအား ပြောကြားသည်။

စီရော်နယ်လ်ဒို၏ စာချုပ်သက်တမ်းမှာ ၂၀၂၁ ခုနှစ်အထိ ကျန်ရှိနေသော်လည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး belN Sports သတင်းဌာနနှင့် တွေ့ဆုံစဉ် ၎င်းက အနာဂတ်နှင့် ပတ်သက်သည့်အဖြေအား ရက်ပိုင်းအတွင်း ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့ကြောင့် ၎င်း၏ ရီးယဲလ်ကစားသမားဘ၀ အဆုံးသတ်တော့မည်ဖြစ်ကြောင်း မီဒီယာများက ခန့်မှန်းဖော်ပြလျက်ရှိသော်လည်း မေ ၂၇ ရက်က မက်ဒရစ်မြို့၌ ပြုလုပ်သည့် အောင်ပွဲခံ အခမ်းအနားတွင်မူ ပရိသတ်များအား ယခုလို ပြန်လည်ပြောကြားခြင်းဖြစ်သည်။ ရီးယဲလ်အသင်းပရိသတ်များသည် ကစားသမားနှင့် နည်းပြအဖွဲ့ဝင်များအား သူရဲကောင်းများကဲ့သို့ ကြိုဆိုခဲ့ကြပြီး စီရော်နယ်လ်ဒို၏ အမည်ကို သံပြိုင်အော်ဟစ်အားပေးခဲ့ကြောင်း သိရသည်။ သို့ဖြစ်ရာ ၎င်းက “နောက်နှစ်ကျရင် တွေ့ကြတာပေါ့။ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးကလပ်အတွက် ကစားခွင့်ရတာ ဂုဏ်ယူပါတယ်။ ဒီအသင်းမှာ ရှိနေခွင့်ရတာ ပြီးပြည့်စုံပါတယ်။ ဒီကစားသမားတွေနဲ့ဆိုရင်လည်း မရနိုင်တဲ့ဆုဖလားဆိုတာ မရှိပါဘူး” ဟု ပြောကြားသည်။

ဗိုလ်လုပွဲတွင် အရန်အဖြစ်သာ ပါဝင်ခဲ့ရပြီး လူစားဝင်လာပြီးနောက် အနိုင်ဂိုးနှစ်ဂိုးအား လှလှပပသွင်းယူပေးခဲ့သူ တောင်ပံကစားသမား ဂါရတ်ဘေးလ်ကလည်း အသင်းပြောင်းရွှေ့ဖွယ်ရှိကြောင်း အရိပ်အမြွက် ပြောကြားထားသည်။ ၎င်းအား မန်ယူအသင်းက ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း မီဒီယာများက ဖော်ပြလျက်ရှိသည်။

ရီးယဲလ်အသင်း၏ အောင်ပွဲခံအခမ်းအနားတွင် ပရိသတ်သိန်းဂဏန်းအထိပါဝင်

ချန်ပီယံလိဂ်ပြိုင်ပွဲ၌ (၁၃) ကြိမ်မြောက်နှင့် နောက်ဆုံးသုံးကြိမ်ဆက်တိုက် အနိုင်ရဗိုလ်စွဲခဲ့သည့် ရီးယဲလ်မက်ဒရစ်အသင်းသည် မေ ၂၇ ရက်က အောင်ပွဲခံအခမ်းအနားပြုလုပ်ရာ ပရိသတ်သိန်းဂဏန်းအထိ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။ ရီးယဲလ်အသင်းသည် အမိုးဖွင့်ကားဖြင့် မက်ဒရစ်မြို့အတွင်းလှည့်လည်ရာ ပရိသတ်များက လမ်းတစ်လျှောက်လိုက်ပါ အားပေးခဲ့ကြပြီး အောင်ပွဲခံ အခမ်းအနား ပြုလုပ်နေကျဖြစ်သည့် Plaza de Cibeles ရင်ပြင်တွင် ဆုဖလားကိုင်မြှောက်၍ အောင်ပွဲခံခဲ့သည်။ ထို့နောက် ဘာနေဗျူးကွင်း၌ အောင်ပွဲခံ အခမ်းအနားထပ်မံပြုလုပ်ရာ ပရိသတ်များ ကွင်းလုံးပြည့် တက်ရောက်အားပေးခဲ့ကြသည်။

Most Read

Most Recent