<

မြန်မာနိုင်ငံဖွား သရုပ်ဆောင်တေးသံရှင် မိုရီဆာကီဝင်း၏ မြန်မာနိုင်ငံခရီးစဉ်တွင် ဂျပန်နိုင်ငံမှ ရုပ်သံလိုင်းတွင် ပြသရန် မှတ်တမ်းရုပ်ရှင်လိုက်ပါ ရိုက်ကူးခဲ့

မြန်မာနိုင်ငံဖွား သရုပ်ဆောင်တေးသံရှင် မိုရီဆာကီဝင်း၏ မြန်မာနိုင်ငံခရီးစဉ်တွင် ဂျပန်နိုင်ငံမှ ရုပ်သံလိုင်းတစ်ခုက မှတ်တမ်းရုပ်ရှင် လိုက်ပါရိုက်ကူးခဲ့ကြောင်း သိရသည်။ မိုရီဆာကီဝင်းသည် Fujifilm Myanmar ၏ Brand Ambassador အဖြစ် လက်တွဲဆောင်ရွက်ရန်
အတွက် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့်ခရီးစဉ်၌ အဆိုပါ ရုပ်သံရိုက်ကူးရေးအဖွဲ့လည်းလိုက်ပါလာခဲ့ပြီး ယင်းခရီးစဉ်တွင် မိုရီဆာကီဝင်း၏ လှုပ်ရှားမှုများအား လိုက်ပါ မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။

“ကျွန်တော့်ရဲ့ လှုပ်ရှားမှုတွေ၊ လုပ်ဆောင်မှုတွေနဲ့ နေ့စဉ်ဘ၀ဖြတ်သန်းမှုတွေကို ဂျပန်ရုပ်သံလိုင်းက မှတ်တမ်းလာရောက် ရိုက်ကူးတာပါ။ ဂျပန်မှာကတည်းက လိုက်ပါရိုက်ကူးနေတာပါ။ မြန်မာနိုင်ငံ ခရီးစဉ်ရှိတယ်ဆိုတဲ့အတွက် သူတို့လည်း လိုက်ပါလာတာပါ။ ကျွန်တော်နဲ့ Fujifilm နဲ့ စာချုပ်ချုပ်ဆိုပွဲနဲ့ တခြားအနုပညာလှုပ်ရှားမှုတွေကိုလည်း သူတို့လိုက်ပါရိုက်ကူးပါတယ်။ ပြီးတော့ ကျွန်တော်ပြသချင်တဲ့ မြန်မာနိုင်ငံက အလှအပတွေ၊ အစားအသောက်တွေနဲ့ နေထိုင်သွားလာမှုတွေကိုလည်း ကျွန်တော်နဲ့အတူ လိုက်ပါရိုက်ကူးပါတယ်။ ဒီအစီအစဉ်ကို ဂျပန်နိုင်ငံမှာ ထုတ်လွှင့်မှာဖြစ်တော့ ၀မ်းသာ ဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံ အကြောင်းတွေကို မိတ်ဆက်ခွင့်ရတဲ့အတွက် တကယ့်ကိုဝမ်းသာ ဂုဏ်ယူရပါတယ်။ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ဆက်ပြီးကြိုးစားနေမှာဖြစ်လို့ ပရိသတ်တွေက ကျွန်တော့်ကိုမေ့မသွားဘဲ အမြဲပဲ စောင့်ကြည့်အားပေးဖို့ ပြောချင်ပါတယ်” ဟု သရုပ်ဆောင်တေးသံရှင် မိုရီဆာကီဝင်းက ဆိုသည်။

မိုရီဆာကီဝင်းသည် မြန်မာနိုင်ငံသား မိဘနှစ်ဦးမှမွေးဖွားကာ အသက် ၁၀ နှစ်အရွယ်တွင် ဂျပန်နိုင်ငံသို့ မိဘများနှင့်အတူ ပြောင်းရွှေ့နေထိုင်ခဲ့သူဖြစ်သည်။ အသက် ၁၄ နှစ်တွင် အနုပညာဖျော်ဖြေ တင်ဆက်မှု လုပ်ငန်းနယ်ပယ်သို့ ရောက်ရှိခဲ့ပြီး ၂၀၀၈ တွင် Prizmax Boyband အဖွဲ့သို့ စတင်ဝင်ရောက်ခဲ့သည်။ ၂၀၁၂ တွင် ‘Sherry’ ဇာတ်ကားဖြင့် ပွဲထုတ်ခံခဲ့ရပြီး ၂၀၁၅ တွင် Yokohama FM မှ The First Radio Personality အဖြစ်ရွေးချယ်ခံခဲ့ရသည်။ ဟောလိဝုဒ်ဒါရိုက်တာ စတီဗင်စပီးဗက် ရိုက်ကူးသည့် ‘Ready Player One’ တွင် ပါဝင် သရုပ်ဆောင်ခွင့်ရခဲ့သည်။ ဂျပန်မြန်မာ ချစ်ကြည်ရေးအဖြစ် ရိုက်ကူးသည့် ‘ဇာတိမြေ’ ရုပ်ရှင်ဇာတ်ကားတွင်လည်း သရုပ်ဆောင် အောင်ရဲလင်း၊ ၀တ်မှုန်ရွှေရည်တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ထားသည်။

May 28, 2018














Copy Protected by Chetan's WP-Copyprotect.