ရဲရင့်အောင်နှင့် တွေ့ဆုံခြင်း

ရဲရင့်အောင်နှင့် တွေ့ဆုံခြင်း
Published 27 May 2018

ဂီတအနုပညာရပ်ဝန်းမှာ အောင်မြင်တဲ့နေရာတစ်ခုကို ပိုင်ဆိုင်ရရှိထားသူဖြစ်သလို ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ပိုင်ဆိုင်ရရှိထားသူ လူငယ်အနုပညာရှင်တွေထဲက တစ်ယောက်ကတော့ ရဲရင့်အောင်ပါ။ သူ့ရဲ့အနုပညာခြေလှမ်းတွေကို ဂီတရပ်ဝန်းမှာတင်မကဘဲ ရုပ်ရှင်နဲ့ဗီဒီယို အနုပညာလုပ်ငန်းတွေမှာပါ ဆက်လက်လျှောက်လှမ်းလာခဲ့သူလည်းဖြစ်တဲ့ ရဲရင့်အောင်အနေနဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးအဖြစ် 'ငါ့ကိုနမ်းတဲ့မုန်တိုင်း' ဇာတ်ကားကို လွန်ခဲ့တဲ့နှစ်နှစ်ကျော်က ရိုက်ကူးခဲ့ပါတယ်။ ဇွန် ၁ ရက်နေ့မှာတော့ 'ငါ့ကိုနမ်းတဲ့ မုန်တိုင်း' ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသတော့မှာပါ။ မေ ၂၅ ရက်ကပြုလုပ်ခဲ့တဲ့ 'ငါ့ကိုနမ်းတဲ့မုန်တိုင်း' Red Carpet Show မှာ တွေ့ဆုံခိုက် ရဲရင့်အောင်ရဲ့အနုပညာခြေလှမ်းတွေအကြောင်း၊ ဒီဇာတ်ကားနဲ့ပတ်သက်တဲ့ ခံစားချက်တွေနဲ့ ကြိုးစားထားမှုတွေအပေါ်မေးမြန်းဖြစ်ခဲ့ပါတယ်  ...

မေး - 'လက်စားချေ နတ်သမီး' ရုပ်ရှင် Red Carpet Show ကို တက်လာရတဲ့ခံစားချက်လေး ပြောပြပေးပါ။

ဖြေ - ကျွန်တော်စိတ်လှုပ်ရှားပြီး စိတ်နဲ့လူနဲ့တောင် သိပ်မကပ်ဘူးဖြစ်နေတယ်။ ခံစားချက်တွေက အမျိုးစုံပဲ ပြောမပြတတ်ဘူး။

မေး -  ဒီဇာတ်ကားထဲမှာ ဘယ်လိုဇာတ်ကောင်စရိုက်မျိုးနဲ့ ပါဝင်ထားလဲ မိတ်ဆက်ပေးပါဦး။

ဖြေ - ဒီဇာတ်ကားထဲမှာတော့ ကျွန်တော်က ပိုက်ဆံရှိတယ်၊ လုပ်ချင်ရာလုပ်တတ်တယ်၊ ဆိုးတယ်၊ အရမ်းလည်း တဇွတ်ထိုးဆန်ပြီး နည်းနည်းကြောင်တောင်တောင်နဲ့ နည်းနည်းလည်း ဂေါက်နေတဲ့ ပုံစံမျိုး ပါဝင်သရုပ်ဆောင်ထားပါတယ်။

မေး -  ဒီဇာတ်ကားထဲမှာ ကိုယ်ပါဝင်သရုပ်ဆောင်ရတဲ့ အပိုင်းမှာရော စိတ်ကျေနပ်မှုရှိရဲ့လား။

ဖြေ -  ဟုတ်ကဲ့။ ကိုယ်လုပ်ခဲ့တာတွေအပေါ်မှာတော့  စိတ်ကျေနပ်မှုရှိပါတယ်။ ကိုယ့်ကိုကိုယ် ဝေဖန်ရမယ်ဆိုရင်တော့ ရှေ့ဆက်ပြီး ကိုယ်လုပ်ရမယ့် အလုပ်တွေအတွက် အားတွေအများကြီးရတယ်။ ဒီထက်လည်း ပိုပြီးကောင်းအောင် လုပ်ချင်ပါသေးတယ်။

မေး - ဒီဇာတ်ကားရိုက်ကူးတုန်းက အတွေ့အကြုံလေးတွေလည်း သိပါရစေ။

ဖြေ - ကျွန်တော်က အဆိုတော်ကနေမှ သရုပ်ဆောင်လုပ်တာဆိုတော့အ ခက်အခဲတွေကတော့ အများကြီးပါပဲ။ အခက်ခဲဆုံးကတော့ စိတ်အရမ်းပင်ပန်းရတာပါပဲ။ ရိုက်နေစဉ် ကာလတစ်လျှောက်မှာလည်း သီချင်းတွေကို မေ့ထားပြီး ဒီဇာတ်ကားအတွက် စိတ်သေချာနှစ်ပြီးလုပ်ခဲ့ပါတယ်။ ရိုက်ကူးစဉ်ကာလတစ်လျှောက် နေ့တိုင်းမှာ အခက်အခဲတွေ ရှိနေခဲ့ပေမဲ့ သေချာကြိုးစားခဲ့ပါတယ်။ နောက်ပြီး ကျွန်တော်က တွဲဖက်သရုပ်ဆောင်ရတဲ့ တစ်ဖက် မိန်းကလေးအပေါ် အရမ်းအားနာတဲ့ စိတ်ဖြစ်နေတာ အမြဲပဲ။ တစ်ခုခုပြော လိုက်ရမှာ လုပ်လိုက်ရမှာမျိုးကို အားနာစိတ်ဖြစ်တာလည်း တကယ်သရုပ်ဆောင်တဲ့အခါ အခက်အခဲပါပဲ။

မေး - အဲဒီအခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ခဲ့လဲ။

ဖြေ - ဒါက ကျွန်တော်ရွေးချယ်ထားတဲ့ ကျွန်တော့်ရဲ့လမ်းဖြစ်နေတာကိုး။ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် ကြိုးစားလျှောက်လှမ်းရမှာပဲလေ။ ရအောင် ကြိုးစား ခဲ့ရတာပေါ့။

မေး - ကိုယ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကို ပရိသတ်တွေက မြင်တွေ့ရတော့မယ်ဆိုတဲ့ ခံစားချက်ကရော ဘယ်လိုလဲ။

ဖြေ - စောနကပြောသလိုပါပဲ ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေပါတယ်။ သီချင်းဆိုတဲ့ အခါမှာလည်း စင်ပေါ်တက်ခါနီးတိုင်း ကျွန်တော်စိတ်လှုပ်ရှားရပါတယ်။ ဒါပေမယ့် အခုကတော့ ကိုယ့်ရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဆိုတော့ ဒီဇာတ်ကားကို ပရိသတ်တွေကြည့်ရတော့မယ်ဆိုတဲ့အခါ ကျွန်တော်ခံစားရတဲ့ ခံစားချက်က တစ်မျိုးပဲ စိတ်လှုပ်ရှားတဲ့ ရင်ခုန်တဲ့ ခံစားချက်တွေကလည်း အများကြီးဖြစ်နေတယ်။ အဲဒါကိုတော့ ကျွန်တော် သေချာပြောမပြတတ်ဘူး။

မေး - ဒီဇာတ်ကားထဲမှာ ကိုယ်က ဗီလိန် ဇာတ်ရုပ်မျိုးဖြစ်နေတော့ ပရိသတ်တွေကိုယ့်ကို မုန်းမှာ စိုးရိမ်လား။ ကိုယ့်သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်အပေါ်မှာရော ဘယ်လိုပြန်ခံစားမိလဲ

ဖြေ - ကျွန်တော့်ဇာတ်ကောင်နဲ့ ပတ်သက်ပြီး ပရိသတ်တွေမုန်းမှာမျိုး မစိုးရိမ်ပါဘူး။ ကိုယ့်ကိုကိုယ်ပြန်ခံစားမိတာတော့ ငါဒီ့ထက် ပိုလုပ်သင့်သေးတယ်လို့ ထင်တယ်။

မေး - 'ငါ့ကိုနမ်းတဲ့ မုန်တိုင်း' ဇာတ်ကားနဲ့ ပတ်သက်ပြီးတော့ရော ကိုယ့်ဘက်ကဘယ်လို မျှော်လင့်ထားတာမျိုးရှိလဲ။

ဖြေ - ကျွန်တော် သရုပ်ဆောင်ထားတဲ့ အရာလေးတွေကို ပရိသတ်တွေရင်ထဲမှာ အပြောင်းအလဲလေးတစ်ခုခုအနေနဲ့ မြင်သွားစေချင်ပါတယ်။ ကျွန်တော်ကြိုးစားထားတာလေးတွေကိုလည်း ပရိသတ်တွေရင်ထဲ ရောက်စေချင်ပါတယ်။ ကျွန်တော်ကြိုးစားထားတယ်ဆိုတာကို ပရိသတ်တွေမြင်တွေ့သွားရင် ကျွန်တော်ကျေနပ်ပါတယ်။

မေး - သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်ပြီးတော့ရော ဘာတွေဆက်လုပ်သွားဖို့ အစီအစဉ်ရှိလဲ။

ဖြေ - ဒီဇာတ်ကား ရုံတင်ခါနီးအချိန်အတွင်းမှပဲ ကျွန်တော်အရမ်းကို သရုပ်ဆောင်ချင်နေတယ်။ ကျွန်တော်ကိုယ်တိုင်က သရုပ်ဆောင်အလုပ်ကို ဝါသနာပါနေပြီ။ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ချင်ပါတယ်။ မင်းသားဆိုတာမျိုးတော့ ကျွန်တော်မပြောတတ်သေးပါဘူး။ ခုချိန်မှာ ဘာဇာတ်ကားရိုက်မယ် ဘယ်တော့ရိုက်မယ်ဆိုတာမျိုး အစီအစဉ် ချထားတာမရှိသေးပေမယ့် ကျွန်တော့်အတွက် သရုပ်ဆောင်ဖို့ အခွင့်အရေးရှိဦးမယ်ဆိုရင် ကျွန်တော် သရုပ်ဆောင်ဦးမှာပါ။

မေး - 'ငါ့ကိုနမ်းတဲ့ မုန်တိုင်း'ဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပြောချင်တာရှိရင်။

ဖြေ - ဒီဇာတ်ကားလေးကို ဇွန် ၁ ရက်မှာ ရုံတင်ပြသတော့မှာပါ။ ပရိသတ်တွေလာပြီး ကြည့်ရှုအားပေးကြပါဦး။ ဝေဖန်အကြံပေးကြပါဦးလို့ ပြောချင်ပါတယ်။

မေး - ဂီတအနုပညာပိုင်းမှာ လုပ်ဖြစ်နေတာတွေရှိရင်လည်း သိချင်ပါတယ်။

ဖြေ - ကျွန်တော့်ရဲ့တစ်ကိုယ်တော် တေးစီးရီးသစ်အတွက် အသံသွင်းတာတွေ လုပ်နေပါတယ်။ တချို့သီချင်းတွေကတော့ အသံသွင်းပြီးသွားပါပြီ။ သီချင်းရေးတဲ့အပိုင်းမှာလည်း အားလုံးရေးပြီးသွားပါပြီ။ သီချင်းအများစုကတော့ ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့သီချင်းတွေပါ။ Featuring ပိုင်းမှာတော့ ပါဝင်သီဆိုမယ့် ကျွန်တော့်သူငယ်ချင်းတွေ ကိုယ်တိုင်ရေးထားကြတာပါ။

မေး - တစ်ကိုယ်တော်စီးရီးသစ်မှာ ဘယ်သူတွေပါဝင်မလဲ။

ဖြေ - လောလောဆယ်တော့ ကျွန်တော့်သူငယ်ချင်းတွေဖြစ်တဲ့ ထက်ယံ၊ ကျွန်တော့်ရဲ့ Music Producer နေ၊ ဉာဏ်ထက်တို့တွေ ပါဝင်မှာပါ။ ကျန်တဲ့အဆိုတော်တွေကတော့ ကျွန်တော် သေချာ မရွေးရသေးပါဘူး။

မေး - အွန်လိုင်းမှာ သီချင်းလေးတွေတင်ဖို့ရော အစီအစဉ်ရှိလား။

ဖြေ - ဟုတ်ကဲ့ အဲဒီလိုတင်ဖို့ အစီအစဉ်ရှိပါတယ်။  ကျွန်တော့်စီးရီးသစ် မထွက်ခင်မှာ အွန်လိုင်းသီချင်းလေးတွေတင်ဖို့ စဉ်းစားထားတာရှိပါတယ်။ တင်ဖြစ်မယ်လို့လည်း ထင်ပါတယ်။

မေး - ရဲရင့်အောင်ကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေအတွက် စကားလက်ဆောင်လေး ပြောပေးပါဦး

ဖြေ- ပရိသတ်တွေအားလုံး ကျန်းမာချမ်းသာကြပါစေ။ 'ငါ့ကိုနမ်းတဲ့ မုန်တိုင်း' ဇာတ်ကားက ကျွန်တော့်ရဲ့ပထမဆုံးရုပ်ရှင်ကားကြီးပါ။ ကျွန်တော်ကြိုးစားထားပါတယ်။ ပရိသတ်တွေလည်း လာပြီး အားပေးကြပါ။  ဂီတအနုပညာပိုင်းမှာလည်း သီချင်းသစ်တွေကြိုး စားပြင်ဆင်နေပါတယ်။ ကျွန်တော့် အနုပညာသစ်တွေ၊ သီချင်းသစ်တွေထွက်လာခဲ့ရင်လည်း အားပေးကြပါဦးလို့ ပြောချင်ပါတယ်။

Most Read

Most Recent