၂၀၁၈ ခုနှစ် ပထမသုံးလပတ်တွင် တရုတ်လက်မှတ်ရောင်းချမှုဝင်ငွေက အမေရိကန်ကို ကျော်တက်

၂၀၁၈ ခုနှစ် ပထမသုံးလပတ်တွင် တရုတ်လက်မှတ်ရောင်းချမှုဝင်ငွေက အမေရိကန်ကို ကျော်တက်
Published 25 May 2018

၂၀၁၈ ခုနှစ် ပထမသုံးလပတ်အတွင်း တရုတ်က အမေရိကန်ကို ကျော်တက်ပြီး ကမ္ဘာ့အကြီးဆုံး ရုပ်ရှင်ဈေးကွက်ဖြစ်လာသည်ဟု အမေရိကန်နှင့် တရုတ်လက်မှတ် ရောင်းချမှုဝင်ငွေစာရင်းများက ဖော်ပြခဲ့သည်။

ဇန်နဝါရီနှင့် မတ်အတွင်း တရုတ်ရုပ်ရှင်ဈေးကွက်သည် ဝင်ငွေ ဒေါ်လာ ၃ ဒသမ ၁၇ ဘီလျံ (ယွမ် ၂၀ ဒသမ ၂၁ ဘီလျံ) ရရှိခဲ့သည်ဟု တရုတ်ရုပ်ရှင် သတင်းအချက်အလက် ကွန်ရက်က ထုတ်ပြန်ခဲ့သည်။ ပထမသုံးလပတ်တွင် ရရှိခဲ့သည့် ဝင်ငွေထဲမှ ယွမ် ၁၅ ဘီလျံခန့်ကို ပြည်တွင်းဇာတ်ကားများမှ ရရှိခဲ့သည်။ ၂၀၁၈ ခုနှစ် ပထမသုံးလပတ်အတွင်း တရုတ်နိုင်ငံ၌ ကြည့်ရှုမှုအများဆုံး ဇာတ်ကား ၁၀ ကားတွင် ပြည်တွင်းဇာတ်ကား ခုနစ်ကား ပါဝင်ခဲ့သည်။

မျိုးချစ်စိတ်ကို ဖော်ကျူးသော တရုတ်အက်ရှင်စစ်ကား Operation Red Sea သည် ပထမသုံးလပတ်အတွင်း တရုတ်တွင် ဝင်ငွေ အများဆုံးဇာတ်ကားဖြစ်ပြီး ယွမ် ၃ ဒသမ ၆ ဘီလျံရရှိခဲ့သည်။ တရုတ်အက်ရှင်ဇာတ်ကား Detective Chinatown 2၊ စိတ်ကူးယဉ်ဇာတ်ကား Monster Hunt နှင့် Operation Red Sea ဇာတ်ကားတို့၏ စုစုပေါင်းဝင်ငွေသည် ယင်းကာလအတွင်း တရုတ်လက်မှတ် ရောင်းချမှုဝင်ငွေ စုစုပေါင်း၏ ထက်ဝက်နီးပါး ရရှိခဲ့သည်။

အမေရိကန်စူပါဟီးရိုးဇာတ်ကား Black Panther နှင့် စိတ်ကူးယဉ်သိပ္ပံဇာတ်ကား Pacific Rim Uprising တို့သည် တရုတ်လက်မှတ်ရောင်းချမှု ဝင်ငွေစာရင်းတွင် ဒုတိယနှင့် တတိယနေရာ၌သာ ဖော်ပြခံခဲ့ရသည်။

ယင်းကာလအတွင်း မြောက်အမေရိက လက်မှတ်ရောင်းချမှုဝင်ငွေသည် ဒေါ်လာ ၂ ဒသမ ၈၅ ဘီလျံရရှိခဲ့သည်ဟု Variety မဂ္ဂဇင်းက ထုတ်ပြန်ခဲ့သည်။ ဖေဖော်ဝါရီက ပြုလုပ်ခဲ့သည့် တရုတ်နှစ်သစ်ကူးပွဲတော်အတွင်း တရုတ်တွင် ရုပ်ရှင်ကြည့်ရှုသူ အရေအတွက် မြင့်တက်လာခဲ့မှုကြောင့်လည်း လက်မှတ်ရောင်းချမှု ဝင်ငွေမြင့်တက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် တရုတ် လက်မှတ် ရောင်းချမှုဝင်ငွေ သိသိသာသာ ကျဆင်းခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် ပြန်လည်မြင့်တက်လာခဲ့သည်ဟု အစိုးရသတင်းအေဂျင်စီ ဆင်ဟွာက ဇန်နဝါရီတွင် ထုတ်ပြန်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် လက်မှတ်ရောင်းချမှုဝင်ငွေသည် ၁၃ ဒသမ ၄၅ ရာခိုင်နှုန်း၊ ဒေါ်လာ ၈ ဒသမ ၉ ဘီလျံအထိ တိုးတက်ရရှိခဲ့သည်ဟု အစိုးရသတင်းစာ၊ ပုံနှိပ်ထုတ်ဝေရေး၊ ရေဒီယို၊ ရုပ်ရှင်နှင့် ရုပ်သံဌာနမှ ကိန်းဂဏန်းများကို ဆင်ဟွာက ကိုးကားဖော်ပြခဲ့သည်။

ပေကျင်းက နိုင်ငံခြားဇာတ်ကားများ ဖြန့်ချိမှုကို အကန့်အသတ်ဖြင့် ဖြန့်ချိခွင့်ပြုခဲ့သော်လည်း ဟောလိဝုဒ်သည် တရုတ်၏ အကျိုးအမြတ်များသော ရုပ်ရှင်ဈေးကွက်ကို စိတ်ဝင်စားနေသည်။

Most Read

Most Recent