အက်ရှင်သရုပ်ဆောင် ဂျက်လီ၏ ကျန်းမာရေးဆိုးရွားသည့် ကောလာဟလများကို ၎င်း၏မန်နေဂျာ ငြင်းဆို

အက်ရှင်သရုပ်ဆောင် ဂျက်လီ၏ ကျန်းမာရေးဆိုးရွားသည့် ကောလာဟလများကို ၎င်း၏မန်နေဂျာ ငြင်းဆို
Published 24 May 2018

Hero၊ Fist of Legend၊ Lethal Weapon 4၊ The Forbidden Kingdom စသည့် ဇာတ်ကားများဖြင့် အောင်မြင်ခဲ့သည့် တရုတ်အက်ရှင် သရုပ်ဆောင် ဂျက်လီသည် နာမကျန်းမှုကြောင့် ချည့်နဲ့နေသည်ဆိုသော ကောလာဟလများကို ၎င်း၏ မန်နေဂျာ Steven Chasman က ငြင်းဆိုခဲ့ပြီး အသက် ၅၅ နှစ် အရွယ်ရှိ ဂျက်လီသည် ကျန်းမာရေး လုံးဝကောင်းမွန်ကြောင်း ပြောကြားခဲ့သည်ဟု USA Today တွင် ဖော်ပြချက်အရ သိရသည်။

တရုတ်လူမှုမီဒီယာတွင် လတ်တလော ပျံ့နှံ့နေသည့် ဓာတ်ပုံများကြောင့် ဂျက်လီ၏ ကျန်းမာရေးနှင့် ပတ်သက်သည့် ကောလာဟလများ ထွက်ရှိခဲ့ခြင်းဖြစ်သည်။ တိဘက်ရှိ ဘုရားကျောင်းတစ်ခုသို့ သွားရောက်စဉ် ပရိသတ်တစ်ဦးနှင့် ရိုက်ကူးထားထားသည့် ယင်းဓာတ်ပုံများတွင် လီသည် အလွန်အမင်း ချည့်နဲ့သည်ဟု ထင်မှတ်ရသည်။ သို့သော် Chasman က ယင်းသည် အရေးမပါသည်များကို ပုံကြီးချဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပြီး အွန်လိုင်းကောလာဟလများကို ပယ်ချခဲ့သည်။

“ဂျက်လီရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လူတိုင်းရဲ့ စိုးရိမ်ပူပန်မှုကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ သူ့ရဲ့ ကျန်းမာရေးက လုံးဝကောင်းမွန်ပါတယ်။ သူဘာမှမဖြစ်ပါဘူး။ သူ့ကျန်းမာရေးကို ခြိမ်းခြောက်တဲ့အထိ မကျန်းမာတာမျိုး မဟုတ်ပါဘူး။ သူ့ကျန်းမာရေး အခြေအနေ ကောင်းပါတယ်” ဟု Chasman က ပြောကြားခဲ့သည်။

ဓာတ်ပုံတစ်ပုံက လီ၏ ကျန်းမာရေး အခြေအနေကို အမှန်တကယ်ဖော်ပြနိုင်ခြင်း မရှိဟုလည်း Chasman က ပြောကြားခဲ့သည်။

“ဒါက ဓာတ်ပုံတစ်ပုံပါပဲ။ လူတွေက ဒါကိုကြည့်ပြီး အဓိပ္ပာယ်ကောက်ယူကြတယ်။ ကျွန်တော့်ရဲ့ပုံကို မမှန်ကန်တဲ့ ရှုထောင့်ကနေ ရိုက်မယ်ဆိုရင် ကျွန်တော်လည်း ချည့်နဲ့နေတယ်လို့ ထင်ရနိုင်တယ်” ဟု Chasman က ပြောကြားခဲ့သည်။

ဂျက်လီက သိုင်းရွိုက်ဟော်မုန်းဓာတ်လွန်ကဲသည့်ရောဂါကို ခံစားနေရသည်ဟု ၂၀၁၀ ပြည့်နှစ်က ထုတ်ဖော်ပြောကြားခဲ့သည်။ ဆေးကုသမှုခံယူပြီး ကျန်းမာရေး အခြေအနေ ကောင်းမွန်လာပြီဟု ၂၀၁၇ ခုနှစ်တွင် ဂျက်လီက ပြောကြားခဲ့သည်ဟု ဟောင်ကောင်သတင်းစာ South China Morning Post က မေ ၁၉ ရက်တွင် ဖော်ပြခဲ့သည်။

သို့သော် လီသည် အနုပညာအလုပ်များ ရပ်နားထားခြင်းကို မပြောကြားခဲ့ပေ။ လီသည် ဒစ္စနေက မကြာမီပြန်လည်ရိုက်ကူးမည့် Mulan ဇာတ်ကားတွင် ဧကရာဇ်အဖြစ် ပါဝင်ရန် ဆွေးနွေးနေသည်ဟု ပြီးခဲ့သည့်လတွင် သတင်းများထွက်ရှိခဲ့သည်။

Most Read

Most Recent