ကလေးသရုပ်ဆောင် ပြည့်ပြည့်နှင့် တွေ့ဆုံခြင်း

ကလေးသရုပ်ဆောင် ပြည့်ပြည့်နှင့် တွေ့ဆုံခြင်း
Published 22 May 2018

ကလေးသရုပ်ဆောင် ပြည့်ပြည့်နှင့် တွေ့ဆုံခြင်း

အသက်ငယ်ရွယ်သော်လည်း အနုပညာဝါသနာဗီဇကို အရင်းခံကာ ကြိုးစားအောင်မြင်ခဲ့သည့် ကလေးသရုပ်ဆောင်များစွာ ရှိခဲ့သည်။ ယင်းတို့အနက် လတ်တလောတွင် ပရိသတ်များ သတိပြုချစ်ခင်အားပေးမှုရနေသူတစ်ဦးမှာ ကလေးသရုပ်ဆောင် ပြည့်ပြည့်ပင်ဖြစ်သည်။ Micro Film  ဇာတ်လမ်းတိုပြိုင်ပွဲ၌ အကောင်းဆုံးသရုပ်ဆောင်ဆု ရရှိခဲ့ဖူးသည့်အပြင် မကြာခင်ရုံတင်ပြသမည့် ‘မြင်းမိုရ်ငြိလို့ ကြွေတဲ့ကြယ်’ ရုပ်ရှင်ဇာတ်ကား၌လည်း အကောင်းဆုံးပုံဖော်ထားသည်ကို နမူနာဗီဒီယိုဖိုင်ဖြင့်ပင် အကဲဖြတ်ခွင့်ရစေခဲ့ပါသည်။ ‘ကမ္ဘာနှစ်ထပ်’ ရုပ်ရှင်ဇာတ်ကားတွင်လည်း နိုင်းနိုင်း၏သမီးအဖြစ် အကောင်းဆုံးပုံဖော်ထားသည်ကို ဇာတ်ကားစတင်မိတ်ဆက်ပွဲတွင် တွေ့မြင်စေခဲ့သူဖြစ်သည်။ ကလေးသရုပ်ဆောင် ပြည့်ပြည့်နှင့်တွေ့ဆုံ၍ ဇာတ်ကားရိုက်ကူးမှု အတွေ့အကြုံများ၊ အနုပညာအပေါ် စိတ်ဝင်စားအားထုတ်မှုများ၊ ရှေ့ဆက်လုပ်ဆောင်လိုသည့် ရည်ရွယ်ချက်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

■မေး - သမီးကဇာတ်လမ်းတိုလေးတွေ အရင်ရိုက်ဖြစ်တယ်ဆိုတော့ ဘယ်လိုစပြီး ရိုက်ဖြစ်တယ်ဆိုတာ ပြောပြပါဦး။

■ ဖြေ - သမီးသုံးနှစ်လောက်ကတည်းက မှန်ရှေ့မှာ ငိုလိုက်ရယ်လိုက် ပုံစံမျိုးစုံလျှောက်လုပ်နေတာ။ သမီးအဒေါ်သူငယ်ချင်းက အိမ်လာလည်ရင်း ကြီးလာရင်ဘာဖြစ်ချင်လဲမေးတော့ သရုပ်ဆောင်လုပ်မှာပဲ ဖြေတယ်။ အဲဒီမှာတစ်ရက်ကျတော့ ဘဘဦးမျိုးမင်းဖွင့်ထားတဲ့ သင်တန်းကို ခေါ်သွားတယ်။ သမီးလည်း ဟိုရောက်တာနဲ့ ဘဘဆိုပြီး သွားနှုတ်ဆက်တယ်။ ဘဘသင်တန်းဖွင့်နေတာနဲ့ သင်တန်းသားတွေရှေ့မှာငိုပြ၊ ရယ်ပြ ၊ သီချင်းဆိုပြနဲ့ ဘဘခိုင်းသမျှအကုန်လုပ်ပြတယ်။ အဲဒီကနေမှ ဘဘရိုက်တဲ့ဗီဒီယိုဇာတ်ကားလေးမှာ စပြီးသရုပ်ဆောင် ဖြစ်တာပါ။

■ မေး - ပထမဆုံး ဇာတ်ကားစရိုက်တဲ့အခါကျတော့ မီးတွေမှန်တွေထိုးထားတယ်။ လူတွေအများကြီးရှေ့မှာ လုပ်ရတာဆိုတော့ အခက်အခဲရှိလား။

■ ဖြေ - အဲဒီတုန်းက အသက်လေးနှစ်ဆိုတော့ အရမ်းမငိုတတ်ဘူး။ ပထမဆုံးငိုရမယ့်အခန်းမှာ မငိုတတ်တော့ ဘဘက ပြည့်ပြည့်ငိုဆိုပြီး နည်းနည်းငေါက်လိုက်တာနဲ့ ငိုလိုက်ရော။ အဲဒီ တစ်ခန်းကိုပြီးအောင် ရိုက်လိုက်တယ်။ ပြီးတော့ဘဘကို သမီးကိုငိုရမယ်ဆိုရင် ကြိုပြောပါ။ မမာန်ပါနဲ့လို့ သွားပြောရော။ ဘဘကလည်း ဟုတ်ပါပြီ၊ ဟုတ်ပါပြီဆိုပြီး နောက်အခန်းတွေကျ ငိုရမယ်ဆိုရင်ကြိုပြောတယ်။ သမီးလည်း ငိုတတ်သွားတယ်။

■ မေး - ကိုအောင်ချမ်းလူရဲ့ ဇာတ်ကားတိုလေးမှာ သမီးအကောင်းဆုံးသရုပ်ဆောင်ဆု ရခဲ့တယ်နော်။ အဲဒီဇာတ်ကားမှာလည်း ပရိသတ်တွေက သမီးကိုစပြီးသတိထားမိခဲ့ကြတာနော်။

■ ဖြေ - ကိုကြီးအောင်ချမ်းလူက အဲဒီမှာသရုပ်ဆောင်ဖို့အတွက် ရွေးလိုက်တာပါ။ သမီး အဲဒီကားလေးမှာကြိုးစားပြီး သရုပ်ဆောင်ခဲ့တယ်။ ဆုရတယ်ဆိုတာကြေညာတော့ စင်ပေါ်တစ်ခါမှ မတက်ဖူးဘူးလေ။ ဒူးတွေတုန်နေတယ်။ ဆုရတယ်ဆိုတော့ အရမ်းလည်း ပျော်သွားတယ်။

■ မေး - မကြာခင်မှာရုံတင်တော့မယ့် မြင်းမိုရ်ငြိလို့ ကြွေတဲ့ကြယ်ဇာတ်ကားမှာလည်း အဓိကအနေနဲ့ ပါဝင်ထားတယ်ဆိုတော့ အဲဒီဇာတ်ကားအကြောင်းလည်း ပြောပြပါဦး။

■ ဖြေ - အဲဒီဇာတ်ကားထဲမှာ မမရွှေသမီးနဲ့ ကိုကြီးဇေရဲထက်တို့ရဲ့ မွေးစားသမီးပေါ့။ သမီးကို မွေးစားလိုက်တော့ ဖေဖေနဲ့မေမေတို့ရဲ့ မေတ္တာနဲ့အချစ်ကို အရမ်းလိုချင်တယ်။ သမီးမေမေက ကလေးရလာတဲ့အခါကျတော့ သမီးကိုသိပ်မချစ်တော့လို့ သမီးဝမ်းနည်းတယ်။ အဲဒါနဲ့ အဲဒီကလေးကို သွားလွှင့်ပစ်ဖို့လုပ်ရင်းနဲ့ ကားတိုက်သွားတာပေါ့။ အဲဒီလိုလေးပါ။

■ မေး - ဒီဇာတ်ရုပ်က ကိုယ့်ခံစားချက်တွေအများကြီးကို သရုပ်ဆောင်ရတာဆိုတော့ ခက်ခဲလား။

■ ဖြေ - ကိုယ့်ခံစားချက်တွေကိုပေါ်အောင် သရုပ်ဆောင်တာ အရမ်းတော့မခက်ခဲခဲ့ပါဘူး။ ဖေဖေမေမေတို့က သမီးကိုမချစ်ဘူးဆိုတဲ့စိတ်မျိုး သမီးစဉ်းစားပြီး သရုပ်ဆောင်ခဲ့တာပါ။ ခက်ခဲတာကတစ်ခန်းပဲရှိပါတယ်။ သမီးက ဝိုင်ပုလင်းသောက်ပြီး ခါးပြီးလွှင့်ပစ်လိုက်ရတယ်။ ဝိုင်ပုလင်းကိုတကယ်ခွဲလိုက်ရတော့ ပုလင်းကကွဲပြီး ဘေးနားမှာကြေမွနေတာပဲ။ အရမ်းလန့်သွားတာ။ ပြီးတော့ ကိုကြီးဇေရဲထက်က တကယ်ရိုက်လိုက်တော့ သမီးကြောက်သွားတယ်။ အဲဒီတုန်းကဆိုရင် အစင်းရာတွေထင်သွားတော့ မေမေကလိုးရှင်းလူးပေးရတယ်။ ကိုကြီးဇေရဲထက်က နောက်နေ့ကျတော့ အရုပ်လေးရုပ်ပြန်ပေးတယ်။

■ မေး - အဲဒီကားလေး ရုံတင်တော့မယ်ဆိုတော့ ကိုယ်သရုပ်ဆောင်ခဲ့တာကို သဘောကျလား။

■ ဖြေ - ဒီဇာတ်ကားကို အများကြီးတော့မကြည့်ရသေးဘူး။ Trailer လေးပဲ ကြည့်ရသေးတယ်။ သမီးကတော့ သဘောကျပါတယ်။

■ မေး - ကမ္ဘာနှစ်ထပ်ဇာတ်ကားမှာလည်း ကိုနိုင်းနိုင်းနဲ့သားအဖအဖြစ် သရုပ်ဆောင်ထားတယ်ဆိုတော့ အဲဒီကား ရိုက်တဲ့အတွေ့အကြုံလေး ပြောပြပါဦး။

■ ဖြေ - အဲဒီကားကပျော်ဖို့ကောင်းတယ်။ ခရီးတွေသွားရတယ်။ သမီးက အအေးကြိုက်တော့ အေးတဲ့နေရာကိုသွားရတာ ပျော်ဖို့ကောင်းတယ်။ အဲဒီတုန်းက ဟိုးတောင်အမြင့်ကြီးကိုတက်ရတယ်။ အဲဒီကားထဲမှာ ဦးနိုင်းနိုင်းကို ဖေဖေဆိုပြီးလှမ်းခေါ်လိုက်တဲ့အခန်းဆိုရင် သမီးစိတ်ထဲမှာ မေမေပြောခဲ့ဖူးတဲ့ ပိုက်ဆံမရှိရင် မေမေအဝေးကြီးမှာ အလုပ်သွားလုပ်ရမှာဆိုတဲ့စကားကို ပြန်သတိရပြီးသရုပ်ဆောင်ခဲ့တာ။ အမှတ်တရ အခန်းဆိုရင်တော့ ဦးနိုင်းနိုင်းက သမီးကိုကုန်းပိုးပြီးတောင်ပေါ်တက်ရတဲ့ ဇာတ်ဝင်ခန်းလေးကို ကြိုက်တယ်။

■ မေး - သမီးသရုပ်ဆောင်ထားတဲ့ ဘာဇာတ်ကားတွေ ရုံတင်ဖို့ရှိသေးလဲ။

■ ဖြေ - လိပ်ပြာစံအိမ်ဇာတ်ကားလည်း ရုံတင်ပါတော့မယ်။ ဦးနိုင်းနိုင်းနဲ့ မကစ်ကစ်(ဝတ်မှုန်ရွှေရည်) ရဲ့ သမီးအနေနဲ့ ရိုက်ထားပါတယ်။ လိပ်ပြာစံအိမ်မှာပါရတဲ့ ဇာတ်ဝင်ခန်းတွေလည်းများတယ်။ ကမ္ဘာနှစ်ထပ်ရုံတင်ပြီးရင် အဲဒီကားတင်ဖို့ရှိတယ်။ ပြီးတော့ ရန်သူဇာတ်ကားထဲမှာ သမီးက မကစ်ကစ်ရဲ့ ငယ်ဘဝလုပ်ထားပါတယ်။

■ မေး - ကလေးသရုပ်ဆောင်တွေထဲမှာ ဘယ်သူတွေကိုရော သမီးကြိုက်လဲ။

■ ဖြေ - မမယွန်းယွန်း၊ ကိုကြီးအိစိကွေး၊ ကိုကြီးကျားပေါက်နဲ့ ကိုကြီးဟဲဗီးဖြိုးတို့ သရုပ်ဆောင်တာတွေ ကြည့်ဖူးတယ်။ ကြိုက်လည်း ကြိုက်ပါတယ်။

■ မေး - ဇာတ်ကားတစ်ကား ရိုက်ရတော့မယ်ဆိုရင်ရော ဘယ်လိုပြင်ဆင်လဲ။

■ ဖြေ - သမီးမလုပ်တတ်တဲ့ အမူအရာလေးတွေဆိုရင် မှန်ကြည့်ပြီး လုပ်ကြည့်တယ်။ ဂျပန်ကားထဲမှာ သမီးကြိုက်တဲ့သရုပ်ဆောင် ရှိတယ်။ သူသရုပ်ဆောင်တာလေးတွေကြည့်ပြီး လိုက်လုပ်ကြည့်တယ်။ အဲဒီကားက သရုပ်ဆောင်တာတွေမှတ်ပြီး မှန်ထဲမှာ လိုက်လုပ်ကြည့်တယ်။

■ မေး - သမီးမိဘတွေကရော အခုလိုသရုပ်ဆောင်လုပ်တာ ပံ့ပိုးပေးလား။

■ ဖြေ - မေမေတို့ကတော့ သဘောကျပါတယ်။ သမီးကိုတော့ ဘယ်လိုသရုပ်ဆောင်ရတယ် ဆိုတာတော့မသင်တတ်ဘူး။ သမီးက ကိုယ့်ဘာသာပဲလုပ်ကြည့်တယ်။ မေမေက သမီးရိုက်ချင်တဲ့အချိန် အထိပဲရိုက်ခိုင်းမှာ။

■ မေး - သမီးကိုချစ်တဲ့ ပရိသတ်တွေကိုပြောချင်တဲ့ စကားလက်ဆောင်များရှိမလား။

■ ဖြေ - သမီးကိုဆက် ပြီးချစ်ပေးကြပါဦး။ အားပေးကြပါဦးလို့ ပြောချင်ပါတယ်။

Most Read

Most Recent