ရိန်းက နိုဝင်ဘာတွင် အယ်လ်ဘမ်သစ် ဖြန့်ချိရန် စီစဉ်နေဟု ၎င်း၏အေဂျင်စီ ထုတ်ပြန်

ရိန်းက နိုဝင်ဘာတွင် အယ်လ်ဘမ်သစ် ဖြန့်ချိရန် စီစဉ်နေဟု ၎င်း၏အေဂျင်စီ ထုတ်ပြန်
Published 20 August 2017

 

တောင်ကိုရီးယားအဆိုတော်၊ သရုပ်ဆောင် ရိန်းက အယ်လ်ဘမ်သစ်အတွက် သီချင်းသွင်းနေပြီး နိုဝင်ဘာတွင် ဖြန့်ချိရန် စီစဉ်ထားသည်ဟု ၎င်း၏ကုမ္ပဏီက သြဂုတ် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“ရိန်းက စက်တင်ဘာမှာ အမေရိကန်ကို ခဏသွားလည်ဖို့ စီစဉ်ထားတယ်။ ပြီးတော့မှ နိုဝင်ဘာမှာ EP ပုံစံ အယ်လ်ဘမ်တစ်ခုဖြန့်ချိဖို့ အာရုံစိုက်လုပ်ဆောင်သွားမှာပါ”  ဟု Rain Company မှ ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။

ရိန်းသည် ၂၀၁၄ ခုနှစ် ဇန်နဝါရီတွင်  Rain Effect အမည်ရ အယ်လ်ဘမ်ကို ဖြန့်ချိခဲ့သည်။ အသစ်ဖြန့်ချိမည့် အယ်လ်ဘမ်တွင် ကိုယ်တိုင်ရေးသီချင်းများနှင့် ပြင်ပတေးရေးဆရာတစ်ဦး၏ သီချင်းများ  ပါဝင်မည်ဖြစ်သည်။

“သီချင်းတစ်ပုဒ်ကတော့ အသံသွင်းပြီးပါပြီ။ လေးပုဒ်ကျော်ကတော့ ပြင်ဆင်နေတုန်းပါပဲ” ဟု Rain Company က ထုတ်ပြန်ခဲ့သည်။

ရိန်းသည်  ဂျပန်က ကိုရီးယားအား ကိုလိုနီပြုခဲ့သည့် ၁၉၁၀-၁၉၄၅ ခုနှစ်ကာလ အတွင်း ဂျပန်စက်ဘီးစီးသမားကို အနိုင်ရရှိခဲ့သည့် နာမည်ကြီးကိုရီးယား စက်ဘီးစီးသမား Uhm Bokdong ၏အတ္ထုပ္ပတ္တိ ဇာတ်ကားတွင်လည်း ပါဝင်သရုပ်ဆောင်ထားသည်။ ယခုနှစ်အစောပိုင်းတွင်လည်း The Best Present အမည်ရ သီချင်းဗီဒီယိုကို ၎င်းက ဖြန့်ချိခဲ့သည်။

၂၀၀၂ ခုနှစ်တွင် ပေါ့ပ်အဆိုတော်အဖြစ် အနုပညာလောကသို့ ဝင်ရောက်ခဲ့သည့် ရိန်းသည်  ၂၀၀၅ ခုနှစ် MTV ဆုပေးပွဲတွင် ပရိသတ်အကြိုက်ဆုံး ကိုရီးယားအဆိုတော်ဆုကို ရရှိခဲ့သည်။ ၎င်းသည် တိုင်းမ်မဂ္ဂဇင်း၏ ၂၀၀၆ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်က ထုတ်ပြန်ခဲ့သည့် သြဇာလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ပါဝင်ခဲ့သည်။

ရိန်းသည် ဟောလိဝုဒ်ဇာတ်ကားများ ဖြစ်သည့် Speed Racer ၊ Ninja Assassin  နှင့် တရုတ်ဇာတ်လမ်းတွဲ Diamond Love တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ အသက် ၃၅ နှစ်အရွယ်ရှိ ရိန်းသည် ယခုနှစ် ဇန်နဝါရီ တွင် သရုပ်ဆောင် ကင်တေးဟီနှင့် လက်ထပ်ခဲ့သည်။

ရိန်းသည် ၂၀၁၅ ခုနှစ်တွင် Cube Entertainment  နှင့်စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် ကိုယ်ပိုင်အနုပညာအေဂျင်စီ Rain Company ကို ထူထောင်ခဲ့သည်။

Most Read

Most Recent