ဟာရီမင်းသားနှင့် အမေရိကန်သရုပ်ဆောင် မက်ဂန်မာခယ်တို့၏ မင်္ဂလာပွဲကို ဝင်ဆာရဲတိုက်တွင် ကျင်းပ

ဟာရီမင်းသားနှင့် အမေရိကန်သရုပ်ဆောင် မက်ဂန်မာခယ်တို့၏ မင်္ဂလာပွဲကို ဝင်ဆာရဲတိုက်တွင် ကျင်းပ
Published 20 May 2018

Photo: AFP

ဗြိတိန်မင်းဟားဟာရီနှင့် အမေရိကန် ရုပ်သံသရုပ်ဆောင် မက်ဂန်မာခယ်တို့၏ မင်္ဂလာပွဲကို မေ ၁၉ ရက်တွင် ဝင်ဆာရဲတိုက်ရှိ စိန့်ဂျော့ချ်ဝတ်ပြုဆောင်၌ ကျင်းပခဲ့သည်။

ဟာရီသည် လူပျိုရံလုပ်မည့်အစ်ကိုဖြစ်သူ ဝီလျံမင်းသားနှင့်အတူ ဘုရားကျောင်းသို့ ရောက်ရှိခဲ့သည်။ ဟာရီနှင့်ဝီလျံသည် အမည်းရောင်စစ်ဝတ်စုံများကို ဝတ်ဆင်ခဲ့ကြသည်။

ဟာရီနှင့် မာခယ်၏မင်္ဂလာပွဲတွင် မင်းသားဂျော့ချ်နှင့် ရှားလော့မင်းသမီးတို့အပါအဝင် သတို့သမီးအရံနှင့် ရှေ့ထွက် ၁၀ ဦး ပါဝင်ခဲ့သည်။ မာခယ်သည် ဗြိတိန်ဒီဇိုင်နာ Clare Waight Keller ဖန်တီးသည့် အဖြူရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ခဲ့သည်။ မာခယ်၏ မင်္ဂလာလက်စွပ်ကို တော်ဝင်မင်္ဂလာပွဲများအတွက် အစဉ်အလာဖြစ်သည့် ဝေလရွှေဖြင့်ပြုလုပ်ခဲ့ပြီး ဟာရီ၏လက်စွပ်ကို ပလက်တီနမ်ဖြင့် ပြုလုပ်ခဲ့သည်ဟု သိရသည်။

Photo: AFP

အသက် ၃၆ နှစ်အရွယ်ရှိ သတို့သမီးမာခယ်သည် မင်္ဂလာလျှောက်လမ်းတစ်ဝက်ကို တစ်ဦးတည်း လျှောက်လှမ်းခဲ့ပြီး တစ်ဝက်ကို ဟာရီ၏ဖခင် ချားစ်မင်းသား၏ လက်တွဲခေါ်ဆောင်မှုဖြင့် လျှောက်လှမ်းခဲ့သည်။ ဝတ်ပြုဆုတောင်းစဉ်အတွင်း ခရစ်ယာန်ဓမ္မတေးသံစုံကျူးအဖွဲ့က Ben E.King ၏ Stand By Me သီချင်းဖြင့် ဖျော်ဖြေခဲ့သည်။

၎င်းတို့၏မင်္ဂလာပွဲသို့ ဖိတ်ကြားခဲ့သည့်ဧည့်သည် ၆၀၀ ထဲတွင် အော်ပရာဝင်းဖရေး၊ ဂျော့ကလူနီနှင့် အမယ်ကလူနီ၊ ဒေးဗစ်ဘက်ခမ်နှင့် ဗစ်တိုးရီးယားဘက်ခမ်၊ ဆာအယ်လ်တန်ဂျွန်၊ တင်းနစ်အကျော်အမော် ဆီရီနာဝီလျံ၊ အဆိုတော် ဂျိမ်းစ်ဘလန့်၊ သရုပ်ဆောင် အိုင်းဒရစ်အယ်လ်ဘာ၊ တွမ်ဟာဒီနှင့် ဟာရီ၏ရည်းစားဟောင်းများဖြစ်သည့် Chelsy Davy နှင့် Cressida Bona တို့လည်း တက်ရောက်ခဲ့သည်။

အလိဇဘတ်ဘုရင်မကြီးက ဟာရီမင်းသားနှင့် မာခယ်တို့အား Sussex မြို့စားနှင့် မြို့စားကတော်အဖြစ် ချီးမြှင့်ခဲ့သည်ဟု ဘက်ကင်ဟမ်နန်းတော်က မင်္ဂလာပွဲမတိုင်မီ ထုတ်ပြန်ခဲ့သည်။ ဘုရင်မကြီးသည် ဗြိတိန်ထီးနန်းဆက်ခံမည့် ဆဋ္ဌမမြောက်နေရာတွင်ရှိသည့် ဟာရီမင်းသားကို Earl of Dumbarton နှင့် မာခယ်ကို Baron of Kilkeel ဘွဲ့လည်း ချီးမြှင့်ခဲ့သည်။

သောင်းနှင့်ချီသောလူထုသည် မင်္ဂလာပွဲကျင်းပသည့် ဝင်ဆာရဲတိုက်ရှေ့တွင် စောင့်ဆိုင်းနေကြပြီး မင်္ဂလာဇနီးမောင်နှံအတွက် ကောင်းချီးပေးခဲ့ကြသည်။ ဟာရီနှင့် မာခယ်၏မင်္ဂလာပွဲကို ကမ္ဘာတစ်ဝန်းမှ စောင့်ကြည့်သူ သန်းနှင့်ချီရှိသည်ဟု သိရသည်။

Most Read

Most Recent