နိုင်ငံတကာတွင် ပြသလျက်ရှိသည့် Deadpool 2 ရုပ်ရှင်ကို မြန်မာနိုင်ငံရှိ ရုပ်ရှင်ရုံများ၌လည်း တစ်ပြေးညီရုံတင်ပြသ

နိုင်ငံတကာတွင် ပြသလျက်ရှိသည့် Deadpool 2 ရုပ်ရှင်ကို မြန်မာနိုင်ငံရှိ ရုပ်ရှင်ရုံများ၌လည်း တစ်ပြေးညီရုံတင်ပြသ
Published 18 May 2018

နိုင်ငံတကာတွင် ပြသလျက်ရှိသည့် Deadpool 2 ရုပ်ရှင်ဇာတ်ကားကို ရန်ကုန်၊ မန္တလေး၊ ပြည်၊ ပဲခူး၊ မကွေး၊ မော်လမြိုင်၊ တောင်ကြီးနှင့် မုံရွာမြို့များရှိ ရုပ်ရှင်ရုံများ၌ မေ ၁၈ ရက်မှစတင်ကာ တစ်ပြေးညီရုံတင် ပြသထားသည်။

Deadpool 2 ဇာတ်ကားကို မေ ၁၅ ရက်မှစတင်ကာ နိုင်ငံအချို့တွင် စတင်ဖြန့်ချိခဲ့ခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံအများအပြား၌ မေ ၁၈ ရက်တွင် စတင်ပြသခြင်းဖြစ်ကာ မြန်မာနိုင်ငံတွင်လည်း အဆိုပါနိုင်ငံများနှင့် တစ်ပြေးညီရုံ တင်ပြသထားခြင်း ဖြစ်သည်။

Marvel ၏ ထူးခြားသည့် စူပါဟီးရိုး ဇာတ်ကောင် Deadpool ၏ ဒုတိယမြောက် ဇာတ်ကားတွင် မင်းသား Ryan Reynolds ကပင် ပါဝင်သရုပ်ဆောင်ထားသည်။

အချိန်ခရီးနှင်ပြီး လက်ရှိကမ္ဘာမြေပေါ်သို့ စွမ်းအားပြည့်စုံသည့် စက်ရုပ်လူသား Cable ရောက်ရှိလာသည်။ Cable ရောက်ရှိလာရသည့် ရည်ရွယ်ချက်မှာ ကမ္ဘာမြေပေါ်မှ ကလေးငယ်တစ်ဦးဖြစ်သည့် Rusell ကို တာဝန်ပေးချက်အရ သတ်ဖြတ်ရန်အတွက် ဖြစ်သည်။

ထိုအဖြစ်ကို ကုသမရနိုင်တော့သည့် ရောဂါအား မျိုးဗီဇစမ်းသပ်ခံရင်းမှ သဘာ၀ လွန်စွမ်းအားများရရှိ ပိုင်ဆိုင်လာသူ စူပါဟီးရိုး Deadpool တစ်ယောက် သူ့ဗီဇအတိုင်း ကာကွယ်တားဆီးပေးရန် ကြိုးပမ်းတော့သည်။ သို့သော် အချိန်ခရီးနှင်လာသည့် စက်ရုပ် Cable သည် စွမ်းအားပြည့်စုံလွန်းသည့် အတွက် Deadpool တစ်ယောက်တည်း မတတ်နိုင်ဖြစ်နေခဲ့သည်။

သို့အတွက် လူအပါအဝင် တိရစ္ဆာန်နှင့် အသွင်သဏ္ဌာန်မျိုးစုံ ပြောင်းလဲနိုင်သည့် Copy Cat ခေါ် Vanessa ၊ တိုက်ခိုက်ရည် ပြည့်ဝသည့် စွမ်းအားရှင်မိန်းကလေး Domino ၊ ဖြစ်ရပ်များကို ကြိုတင်သိမြင်နိုင်ပြီး စိတ်စွမ်းအားနှင့်ပင် တိုက်ထုတ်နိုင်စွမ်းရှိသည့် သဘာဝလွန်စွမ်းအားပိုင်ရှင် မိန်းကလေး Negasonic ၊ တိုက်ခိုက်မှုများအား သတ္ထုကိုယ်ထည်အဖြစ် ပြောင်းလဲကာ ကွယ်နိုင်စွမ်းရှိသူ Colossus နှင့် Deadpool  ၏ အားကိုးရသည့် သူငယ်ချင်း Weasel တို့၏ အကူအညီများကို စုပေါင်းကာ Deadpool တစ်ယောက် စက်ရုပ် Cable အား တိုက်ခိုက်ရန် ကြိုးစားသည်များကို ဟာသနှောကာ ရိုက်ကူးတင်ပြထားသည်။

Deadpool 2 ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ David Leitch ကရိုက်ကူးပြီး  Ryan Reynolds ,Josh Brolin, Zazoe Beetz , Brianna Hildebrand, Morena Baccarin, Jack Kesy, T.J.Miller , Julian Dennison, Stefan Kapicic တို့ ပါဝင်သရုပ်ဆောင်ထားသည်။

ယင်းဇာတ်ကားကို ရန်ကုန်မြို့ရှိ နေပြည်တော်၊ မင်္ဂလာ ၂၊ မင်္ဂလာစံပြ၊ Mingalar Cineplex ၊ Capital ၊ ကန်သာယာ၊ Junction City ၊ Junction မော်တင်နှင့် Junction St.John ရှိ JCGV ရုပ်ရှင်ရုံများ၊ မန္တလေးမြို့ရှိ Mingalar Diamond Cineplex နှင့် JCGV ၊  ပြည်မြို့ရှိ မင်္ဂလာထွန်းသီရိ၊ ပဲခူးမြို့ရှိ Icon ၊ မကွေးမြို့ရှိ မင်္ဂလာစံပြ၊ မော်လမြိုင်ရှိ မင်္ဂလာဘုရင့်ရုပ်ရှင်ရုံ၊ တောင်ကြီးမြို့ရှိ City Square ရုပ်ရှင်ရုံနှင့် မုံရွာမြို့ရှိ Mingalar Cineplex Ocean ရုပ်ရှင် ရုံတို့ ၌ ပြသထားသည်။

Most Recent