ရက်ပ်အဆိုတော် PSY က YG Entertainment နှင့်လမ်းခွဲ

ရက်ပ်အဆိုတော် PSY က YG Entertainment နှင့်လမ်းခွဲ
Published 17 May 2018

ကိုရီးယားရက်ပ်အဆိုတော် PSY သည် YG Entertainment နှင့် စာချုပ်သက်တမ်း ရှစ်နှစ်အကြာတွင် အေဂျင်စီနှင့် လမ်းခွဲခဲ့သည်ဟု မေ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ချင်တဲ့ PSY ရဲ့ စိတ်ကူးကိုလေးစားတဲ့အနေနဲ့ စာချုပ်ကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့တယ်” ဟု  YG Entertainment က ထုတ်ပြန်ခဲ့သည်။

PSY သည် Big Bang၊ CL  နှင့် Black Pink စသည့် ကေပေါ့ပ်နာမည်ကြီး အဆိုaတာ်များ၏ အနုပညာအလုပ်များကို စီမံခန့်ခွဲသည့် YG Entertainment နှင့် ၂၀၁၀ ပြည့်နှစ်တွင် စာချုပ်ချုပ်ဆိုခဲ့သည်။ YG နှင့် စာချုပ်ချုပ်ဆိုခဲ့သည့် ကာလအတွင်း ၂၀၁၂ ခုနှစ်က ဖြန့်ချိခဲ့သည့် Gangnam Style သီချင်းဖြင့် PSY သည် ကမ္ဘာတစ်ဝန်း ထိုးဖောက် အောင်မြင်ခဲ့သည်။

ယင်းသီချင်းသည် Billboard Hot 100 စာရင်းတွင်လည်း နံပါတ်နှစ်နေရာ၌ ဖော်ပြခံခဲ့ရသည့် ပထမဆုံး ကိုရီးယား သီချင်းဖြစ်သည်။ Gangnam Style သီချင်းဗီဒီယိုသည် Youtube တွင် ကြည့်ရှုမှုနှုန်း ၃ ဒသမ  ၁ ဘီလျံအထိ ရှိလာသည်။ PSY သည် ၂၀၁၂ ခုနှစ် အတွင်း ဖျော်ဖြေပွဲများ၊ ရုပ်သံကြော်ငြာများ မှ ဝင်ငွေဒေါ်လာ သန်း ၄၀ ကျော် ရရှိခဲ့သည်ဟု Korea Times ကဖော်ပြခဲ့သည်။

“စာချုပ် မချုပ်တော့ပေမဲ့လည်း PSY နဲ့ ကျွန်တော်တို့က ရင်းနှီးတဲ့ ဆက်ဆံရေးအဖြစ်နဲ့ ရှိနေဦးမှာပါ။ သူ့ရဲ့ အသစ်စတင်မှု အတွက် YG က အားပေးသွားမှာပါ” ဟု YG Entertainment က ထုတ်ပြန်ခဲ့သည်။

အသက် ၄၀ အရွယ်ရှိ PSY သည် ကိုယ်ပိုင် အနုပညာအေဂျင်စီတစ်ခု ထူထောင်နိုင်ခြေ ရှိသည်ဟု ယွန်ဟပ်သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။ PSY သည် Big Bang အဖွဲ့ ဝင် G-Dragon နှင့် တေရန်းအပါအဝင် ကေပေါ့ပ်အဆိုတော်များစွာ ပါဝင်သီဆိုထားသည့် ၎င်း၏ အဋ္ဌမမြောက် စတူဒီယိုအယ်လ်ဘမ် 4x2=8 ကို ၂၀၁၇ ခုနှစ်တွင် ဖြန့်ချိခဲ့သည်။

Most Read

Most Recent