အမျိုးသားသရုပ်ဆောင်များ၏ သရုပ်ဆောင်ကြေးအား လျှော့၍ပေးသင့်ကြောင်း ဆယ်မာဟေယက် ပြောကြား

အမျိုးသားသရုပ်ဆောင်များ၏ သရုပ်ဆောင်ကြေးအား လျှော့၍ပေးသင့်ကြောင်း ဆယ်မာဟေယက် ပြောကြား
Published 16 May 2018

မေ ၁၃ ရက်က ကျင်းပခဲ့သော ကိန်းရုပ်ရှင်ပွဲတော်သို့ ရုပ်ရှင်မင်းသမီး ဆယ်မာဟေယက် တက်ရောက်ခဲ့ပြီး ရီးယဲလ်မက်ဒရစ်ဂိုးသမား ကေလာနာဗတ်စ်လည်း တက်ရောက်ခဲ့သည်။

ရုပ်ရှင်လောကအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအား ဆန့်ကျင်သည့် လှုပ်ရှားမှုများတွင် ပင်တိုင်ဆောင်ရွက်သူတစ်ဦးဖြစ်သော မက္ကဆီကန်-အမေရိကန် ရုပ်ရှင်မင်းသမီး ဟေယက်က အမျိုးသမီးသရုပ်ဆောင်များ ကာလရှည်ကြာစွာ နည်းပါးသော သရုပ်ဆောင်ကြေး ရရှိသည့်နည်းတူ အမျိုးသားသရုပ်ဆောင်များသည်လည်း သရုပ်ဆောင်ကြေး နည်းနည်းသာရသင့်သည်ဟု ပြောကြားခဲ့သည်။

ကိန်းရုပ်ရှင်ပွဲတော် ညီလာခံတွင် ဟေယက်က “သရုပ်ဆောင်မင်းသားတွေပြောရမှာက အိုကေ အချိန်တန်ပြီ ငါအကောင်းဆုံးလုပ်ခဲ့ပြီးပြီ။ အခုတော့ မင်းသမီးတွေကို ရုပ်ရှင်ကားတွေထဲမှာ ပိုမိုပါဝင်လာနိုင်အောင် သဘောထားကြီးပေးဖို့ အချိန်ရောက်ပြီ ဆိုတာပါပဲ။ ကျွန်မတို့အားလုံး ဒီညှိနှိုင်းမှုမှာ ပါဝင်ဖို့လိုပါတယ်။ ဒါတွေပြောနေလို့ ကျွန်မ အမုန်းလည်းခံရနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က ဟောလိဝုဒ်အထင်ကရ သရုပ်ဆောင်အချို့သည် လိင်အကြမ်းဖက်မှု စွပ်စွဲချက်များနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် တန်းတူညီမျှအခွင့် အရေးပေးရန် ခေါင်းစဉ်တစ်ရပ်ဖြင့် ကိန်းရုပ်ရှင်ပွဲတော်၌ ပထမဆုံးအကြိမ် ဆွေးနွေးမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မေ ၁၃ ရက် ကိန်းရုပ်ရှင်ပွဲတော်တွင် ရီးယဲလ်မက်ဒရစ်ဂိုးသမား ကေလာနာဗတ်စ်၏ ဘဝအကြောင်းရိုက်ကူူးထားသည့် Man Of Faith ရုပ်ရှင်ကိုလည်း ပြသခဲ့ရာ နာဗတ်စ်က ယင်းရုပ်ရှင်ပြသမှုသည် လာမည့်ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ် စိန်ခေါ်မှုထက် ပိုမိုစိတ်လှုပ်ရှားရကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော်သိတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်ထက် ကော်ဇော်နီပေါ် လျှောက်လှမ်းရတာက ပိုပြီးဖိအားများသလိုပါပဲ” ဟု နာဗတ်စ်က ပြောကြားခဲ့သည်။

အသက် ၃၁ နှစ်အရွယ်ရှိ ရီးယဲလ်ဂိုးသမား နာဗတ်စ်သည် ၂၀၁၆၊ ၂၀၁၇ နှစ်များတွင် ချန်ပီယံလိဂ်ဖလားကို နှစ်နှစ်ဆက်ဆွတ်ခူးနိုင်ခဲ့ပြီး သုံးနှစ်ဆက်ချန်ပီယံဆုအတွက် လာမည့်နှစ်ပတ်အတွင်း ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်လည်း ဖြစ်သည်။

Most Read

Most Recent