ဆည်းဆာရိပ်ဘိုးဘွားရိပ်သာနှင့် အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာ ရန်ပုံငွေအတွက် ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များ၏ ဖျော်ဖြေပွဲ ပြုလုပ်မည်

ဆည်းဆာရိပ်ဘိုးဘွားရိပ်သာနှင့် အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာ ရန်ပုံငွေအတွက် ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များ၏ ဖျော်ဖြေပွဲ ပြုလုပ်မည်
Published 15 May 2018

ဆည်းဆာရိပ်ဘိုးဘွားရိပ်သာနှင့် အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာ ရန်ပုံငွေအတွက် ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုကို ရန်ကုန်မြို့၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရန်ပုံငွေပဒေသာကပွဲကို ဇွန် ၂ ရက်တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်မည်ဖြစ်သည်။ တေးရေးမင်းကို ရေးသားထားသည့် ကိုယ်ပိုင်သံစဉ် တေးသီချင်းအပုဒ် ၂၀ ကျော်ကို ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များက ဖျော်ဖြေတင်ဆက်မည်ဖြစ်ပြီး ရုပ်သံလိုင်းများမှလည်း ထုတ်လွှင့်ပြသကာ အလှူငွေများ ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။ ဖျော်ဖြေပွဲတွင် တေးသံရှင်ချမ်းချမ်း၊ ရတနာမိုင်၊ စိန်ဝင်းထွန်း၊ ထွန်းကိုကို၊ အေသင်ချိုဆွေ စသည့်အနုပညာရှင်များ ပါဝင်မည်ဖြစ်သည်။

“ကျွန်တော့်အနေနဲ့ တတ်နိုင်သလောက် ပရဟိတအလုပ်တွေ အမြဲလုပ်ဖြစ်ပါတယ်။ အခုအစီအစဉ်က ကျွန်တော်ရေးသားထားတဲ့ ကိုယ်ပိုင်သံစဉ်တေးသီချင်း အပုဒ် ၂၀ ကျော်ကို ဆည်းဆာရိပ်ဘိုးဘွားရိပ်သာနဲ့ အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာ ရန်ပုံငွေအတွက် လှူဒါန်းထားပါတယ်။ အဲဒါကို ရုပ်ရှင်ဂီတအနုပညာရှင်တွေက သီဆိုဖျော်ဖြေပေးကြမှာပါ။ ရလာတဲ့ရန်ပုံငွေကို ဆည်းဆာရိပ်ဘိုးဘွားရိပ်သာနဲ့ အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာတွေကို လှူဒါန်းပါမယ်” ဟု တေးရေးမင်းကိုက ဆိုသည်။

သရုပ်ဆောင်ထွန်းကိုကိုကလည်း “ပရဟိတအတွက်ရည်ရွယ်ထား တဲ့ပွဲလေးဆိုတော့ ပါဝင်ဖြစ်ပါမယ်။ သီချင်းလေးတွေနဲ့ဖျော်ဖြေဖို့ စီစဉ်ထားပါတယ်။ ဒီပွဲကဘိုးဘွားတွေအတွက် အထောက်အကူဖြစ်မယ့် ရန်ပုံငွေပွဲလေးဆိုတော့ ဖျော်ဖြေပွဲလေးကြည့်ရင်း ကုသိုလ်ယူနိုင်မယ့် အစီအစဉ်ဖြစ်မယ်လို့ ထင်ပါတယ်။ ဘိုးဘွားတွေစိတ်အေးချမ်းသာစွာ နေထိုင်နိုင်ဖို့ရည်ရွယ်တဲ့ ဆည်းဆာရိပ်နဲ့ အနုပညာဆည်းဆာရိပ်ဘိုးဘွားရိပ်သာ ရန်ပုံငွေပွဲဖြစ်တာကြောင့် အကျိုးရှိတဲ့ပွဲ ဖြစ်မယ်ထင်ပါတယ်။ ပရိသတ်များအားလုံးလည်း တတ်နိုင်သလောက် ပါဝင်ကူညီလှူဒါန်းရင်းနဲ့ လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟုဆိုသည်။

ဆည်းဆာရိပ်ဘိုးဘွားရိပ်သာနှင့် အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာ ရန်ပုံငွေဖျော်ဖြေပွဲတွင် Art Robots တီးဝိုင်းက တီးခတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent