ရောဘတ်ဒေါင်းနင်းဂျူနီယာ ဝတ်ဆင်သည့် Iron Man ဝတ်စုံ ခိုးယူခံရ

ရောဘတ်ဒေါင်းနင်းဂျူနီယာ ဝတ်ဆင်သည့် Iron Man ဝတ်စုံ ခိုးယူခံရ
Published 11 May 2018

၂၀၀၈ ခုနှစ်က ဝက်ဝက်ကွဲအောင်မြင်ခဲ့သည့် စူပါဟီးရိုးဇာတ်ကား Iron Man တွင် ရောဘတ်ဒေါင်းနင်းဂျူနီယာ ဝတ်ဆင်ခဲ့သည့်  ရွှေရောင်နှင့် အနီရောင်စပ်ထားသော မူလ Iron Man ဝတ်စုံသည် သိမ်းဆည်းထားသည့် အဆောက်အအုံတစ်ခုမှ ပျောက်ဆုံးခဲ့သည်ဟု မေ ၈ ရက်တွင် ဝန်ထမ်းများက သတင်းပေးပို့ခဲ့ကြောင်း လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ယင်းဝတ်စုံသည် လော့စ်အိန်ဂျလိစ်မြို့လယ်ကောင် မြောက်ဘက် Pacoima ဒေသရှိ  ဇာတ်ဝင်ပစ္စည်းအသုံးအဆောင်များ ထိန်းသိမ်းသည့် ဂိုဒေါင်တစ်ခုမှ ဖေဖော်ဝါရီနှင့် ဧပြီအတွင်း ပျောက်ဆုံးခဲ့သည်ဟု ဂိုဒေါင်ဝန်ထမ်းများက ပြောကြားခဲ့ကြောင်း ရဲအရာရှိ ခရစ္စတိုဖာနိုက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ ယင်းဝတ်စုံသည် ဒေါ်လာ ၃၂၅ç၀၀၀ ခန့်တန်ကြောင်း လော့စ်အိန်ဂျလိစ်တိုင်းမ်က ဖော်ပြခဲ့သည်။

တစ်မူထူးခြားသည့်သူခိုးက ယင်းဝတ်စုံကို ဦးစားပေးခိုးယူခဲ့ကြောင်း၊ စုံထောက်များက ယခုအထိ အမှုအတွက် သဲလွန်စမရသေးကြောင်း နိုက ပြောကြားခဲ့သည်။

မာဗယ်၏ မူရင်း Iron Man ဇာတ်ကားကို ဒါရိုက်တာ Jon Favreau က ရိုက်ကူးခဲ့ပြီး  ပါရာမောင့်ရုပ်ရှင်လုပ်ငန်းက ဖြန့်ချိခဲ့သည်။ ယင်းဇာတ်ကားသည် ကမ္ဘာတစ်ဝန်းလက် မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ ၅၈၅ ဒသမ ၁ သန်းကျော် ရရှိခဲ့သည်။

ရောဘတ်ဒေါင်းနင်းဂျူနီယာသည် The Avengers ၊ Avengers း Age of Ultron ၊ Iron Man 2 ၊ Iron Man 3 ၊ Captain America း Civil War နှင့် Avengers း Infinity War ဇာတ်ကားတို့တွင်လည်း Iron Man ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။  ၂၀၁၈ ခုနှစ်အထိ ရောဘတ်ဒေါင်းနင်း ဂျူနီယာပါဝင်ခဲ့သည့် ဇာတ်ကားများ၏ စုစုပေါင်းလက်မှတ်ရောင်းချမှုဝင်ငွေသည် အမေရိကန်တွင် ဒေါ်လာ ၄ ဒသမ ၆ ဘီလျံနှင့် ကမ္ဘာတစ်ဝန်းတွင် ဒေါ်လာ ၁၀ ဒသမ ၅ ဘီလျံအထိ ရရှိခဲ့သည်။ ရောဘတ်ဒေါင်းနင်း ဂျူနီယာသည် အမေရိကန် လက်မှတ်ရောင်းချမှုဝင်ငွေစာရင်းတွင် တတိယမြောက် ဝင်ငွေအများဆုံးရှာဖွေပေးသည့် သရုပ်ဆောင်လည်း ဖြစ်သည်။

Most Read

Most Recent