Avengers ဇာတ်ကားများ ထပ်မံထွက်ရှိရန် အလားအလာရှိဟု ဒစ္စနေထုတ်ပြန်

Avengers ဇာတ်ကားများ ထပ်မံထွက်ရှိရန် အလားအလာရှိဟု ဒစ္စနေထုတ်ပြန်
Published 10 May 2018

Avengers: Infinity War ဇာတ်ကားက လက်မှတ်ရောင်းချမှု ဝင်ငွေစံချိန်ချိုးခဲ့ပြီးနောက် Avengers ဇာတ်ကားများ ထပ်မံထွက်ရှိရန် အလားအလာရှိသည်ဟု ဒစ္စနေက မေ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“၂၀၁၉ ခုနှစ်မှာ ဖြန့်ချိမယ့် Avengers 4 ဟာ မာဗယ်စတူဒီယိုရဲ့ အသည်းကျော် စူပါဟီးရိုးအများစုအတွက် ခရီးဆုံးလို့ သတ်မှတ်ထားပေမဲ့ Avengers ရဲ့ အဆုံးသတ်တော့ မဟုတ်ပါဘူး” ဟု ဒစ္စနေ၏ အမှုဆောင်အရာရှိချုပ် ဘော့အိုင်ဂါက ပြောကြားခဲ့သည်။

“မာဗယ်အဖွဲ့နဲ့ ကျွန်တော်တို့ ပုံမှန်လိုလို တွေ့ဆုံခဲ့တယ်။ မာဗယ်ဇာတ်ကားတွေအတွက် စီစဉ်ခဲ့ကြတယ်” ဟု အိုင်ဂါက ပြောကြားခဲ့သည်။

ဒစ္စနေသည် Avengers ကို ကျော်လွန်သည့် ဇာတ်ကားသစ်များ ရိုက်ကူးမည်ဖြစ်ကြောင်း၊ မာဗယ်စကြဝဠာတွင် ဇာတ်ကောင် ၇,၀၀၀ ခန့်ရှိပြီး ၎င်းတို့ကို ဇာတ်ကားတွင် ဖော်ထုတ်ရိုက်ကူးသွားမည်ဖြစ်ကြောင်း အိုင်ဂါက ပြောကြားခဲ့သည်။

Avengers 4 ဇာတ်ကားကို ဂျိုးရပ်ဆိုနှင့် အန်တိုနီရပ်ဆိုတို့ကပင် ရိုက်ကူးခဲ့ပြီး ၂၀၁၉ ခုနှစ် မေ ၃ ရက်တွင် ဖြန့်ချိရန် စီစဉ်ထားသည်ဟု ဒစ္စနေက ထုတ်ပြန်ခဲ့သည်။ စူပါဟီးရိုး ၂၀ ကျော် ပါဝင်သရုပ်ဆောင်ထားသည့် Avengers: Infinity War ဇာတ်ကားသည် လက်မှတ်ရောင်းချမှု ဝင်ငွေစာရင်းတွင် ဆက်လက်ဦးဆောင်နေပြီး ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းချမှုဝင်ငွေ စုစုပေါင်း ဒေါ် လာ ၁ ဒသမ ၁၉၉ ဘီလျံကျော် ရရှိခဲ့သည်။

ယင်းဇာတ်ကားကို တရုတ်နိုင်ငံ၌ မေ ၁၁ ရက်တွင် ဖြန့်ချိမည် ဖြစ်သည်။ Marvel Cinematic Universe က ဖြန့်ချိခဲ့သည့် ဇာတ်ကား ၁၉ ကားသည် ကမ္ဘာတစ်ဝန်းဝင်ငွေ စုစုပေါင်း ဒေါ်လာ ၁၆ ဘီလျံကျော် ရရှိခဲ့သည်။

ဒစ္စနေသည် ယခုနှစ် ဇူလိုင်တွင် စူပါဟီးရိုးဇာတ်ကား Ant-Man and the Wasp နှင့် ၂၀၁၉ ခုနှစ် မတ်တွင် Captain Marvel ဇာတ်ကားကို ဖြန့်ချိရန် စီစဉ်ထားသည်။

Most Read

Most Recent