<

နှစ်များစွာအတွင်း နိုင်ငံရေးအဆန်ဆုံး ကိန်းရုပ်ရှင်ပွဲတော်ကို မေ ၈ ရက်တွင် ဖွင့်လှစ်

အမျိုးသမီးအနုပညာရှင်များက ကော်ဇောနီ အခမ်းအနားတွင် ဆန္ဒပြမည်ဟု ကတိပြုမှု၊ ထိပ်တန်းဒါရိုက်တာနှစ်ဦး ရုပ်ရှင်ပွဲတော်တက်ရောက်ခွင့်မှ ပိတ်ပင်ခံရမှုနှင့်အတူ နှစ်များစွာအတွင်း နိုင်ငံရေးအဆန်ဆုံး ကိန်းရုပ်ရှင်ပွဲတော်ကို မေ ၈ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးမှုကို ဆန့်ကျင်သည့် #MeToo နှင့် Time’s Up လှုပ်ရှားမှုကို ထောက်ခံမှုအဖြစ် အမျိုးသမီးထိပ်တန်းသရုပ်ဆောင်နှင့် ဒါရိုက်တာ ၁၀၀ ခန့်က မေ ၁၂ ရက်တွင် ကိန်းရုပ်ရှင်ပွဲတော်၏ ကော်ဇောနီ အခမ်းအနား၌ ဆန္ဒပြမည်ဟု ပွဲစီစဉ်သူများက ပြောကြားခဲ့ကြသည်။ ယင်းချီတက်ဆန္ဒပြမှုတွင် ယခုနှစ် ကိန်းရုပ်ရှင်ပွဲတော်၏ ဂျူရီအဖွဲ့ခေါင်းဆောင် ကိတ်ဘလန်ချက်လည်း ပါဝင်မည်ဖြစ်သည်။

ယခုနှစ် ကိန်းရုပ်ရှင်ပွဲတော်ဖွင့်ပွဲကို သည်းထိတ်ရင်ဖိုစိတ္တဇဇာတ်ကား Everybody Knows ဖြင့် ဖွင့်လှစ်ခဲ့ပြီး ဒါရိုက်တာ Terry Gilliam ၏ The Man Who Killed Don Quixote ဇာတ်ကားဖြင့် ပိတ်သိမ်းမည်ဖြစ်သည်။ ယင်းဇာတ်ကားသည် ကိန်းရုပ်ရှင်ပွဲတော်တွင် ပြသရန်ရွေးချယ်ခံခဲ့ရသည့် ပထမဆုံးကင်ညာဇာတ်ကား ဖြစ်သော်လည်း လိင်တူအချစ်ဇာတ်လမ်းအကြောင်း ပုံဖော်ရိုက်ကူးထားသောကြောင့် ကင်ညာနိုင်ငံတွင်မူ ပိတ်ပင်ခံထားရသည်။

အမေရိကန်ဒါရိုက်တာ အိုလီဗာစတုန်းက တောင်းဆိုခဲ့သော်လည်း တီဟီရန်က အီရန်ဒါရိုက်တာ Jafar Panahi ကို ခရီးသွားခွင့်ထုတ်ပေးရန် ငြင်းဆိုခဲ့မှုကြောင့် ကိန်းရုပ်ရှင်ပွဲတော်သို့ တက်ရောက်ခွင့်မရခဲ့ပေ။ Jafar Panahi ၏ Three Faces ဇာတ်ကားသည် ကိန်းရုပ်ရှင်ပွဲတော်၏ ထိပ်တန်းဆုဖြစ်သော ရွှေအုန်းပင်ဆုအတွက် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် သြဂုတ်မှစပြီး နေအိမ်အကျယ်ချုပ်ချခံခဲ့ရသည့် ရုရှားဒါရိုက်တာ Kirill Serebrennikov သည်လည်း ကိန်းရုပ်ရှင်ပွဲတော်သို့ တက်ရောက်ခွင့်မရခဲ့ပေ။ ၎င်း၏ Leto (သို့မဟုတ်) Summer ဇာတ်ကားသည်လည်း ကိန်းရုပ်ရှင်ပွဲတော်၏ အမြင့်ဆုံးဆုဖြစ်သော ရွှေအုန်းပင်ဆုအတွက် ယှဉ်ပြိုင်မည်ဖြစ်သည်။

May 9, 2018














Copy Protected by Chetan's WP-Copyprotect.