အယူခံဝင်ရန် တရားရုံးသို့ ပြန်ရောက်လာသော ဆယ်မန်ခန်းက မီဒီယာတို့၏ အာရုံစိုက်မှုကို ရှောင်ရှားနိုင်ခဲ့

အယူခံဝင်ရန် တရားရုံးသို့ ပြန်ရောက်လာသော ဆယ်မန်ခန်းက မီဒီယာတို့၏ အာရုံစိုက်မှုကို ရှောင်ရှားနိုင်ခဲ့
Published 8 May 2018

အိန္ဒိယရုပ်ရှင်ကြယ်ပွင့် ဆယ်လ်မန်ခန်းသည် ရှားပါးတောဆိတ်မျိုးများကို သတ်ဖြတ်မှုတွင် ပြစ်မှုထင်ရှားပြီး ထောင်ဒဏ်ငါးနှစ် ပြစ်ဒဏ်ချခံရမှုအတွက် မေ ၇ ရက်က တရားရုံးသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သို့သော် ခန်းသည်အများ၏ အာရုံစိုက်မှုကိုမူ ရှောင်ရှားနိုင်ခဲ့သည်။

ဘောလိဝုဒ် အထင်ကရပုဂ္ဂိုလ်ခန်းသည် ကြားနာစစ်ဆေးမှုအတွက် မွမ်ဘိုင်းမှ လေယာဉ်ဖြင့် နိုင်ငံအနောက်ပိုင်း ရာဂျာစတန် ပြည်နယ် ဂျော့ပါသို့ မေ ၆ ရက်က ရောက်ရှိလာခဲ့သည်။

သရုပ်ဆောင်ကြေးအများဆုံး ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သည့် ခန်းသည် ၁၉၉၈ ခုနှစ် အောက်တိုဘာလက ရုပ်ရှင်တစ်ကား ရိုက်ကူးနေစဉ် ထွက်ခဲ့သည့် အမဲပစ်ခရီးအတွင်း Black Buck ဟု သိကြသော ရှားပါးတောဆိတ်နှစ်ကောင်ကို ပစ်သတ်ခဲ့သည်ဟု စွပ်စွဲခံရမှုတွင် ပြစ်မှုထင်ရှားကြောင်း ပြီးခဲ့သည့်လက စီရင်ချက်ချခံခဲ့ရသည်။ ထိုအမှုအတွက် ခန်းသည် ထောင်ဒဏ်ငါးနှစ် ချမှတ်ခံရပြီး လက်ရှိတွင် အာမခံဖြင့်နေထိုင်နေသည်။

ထိုအာမခံစည်းမျဉ်းများအတိုင်း ခန်းသည် မေ ၇ ရက် အစောပိုင်းက ကြားနာစစ်ဆေးမှုသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ ခန်းသည် မီဒီယာများကို မျက်စိလည်စေရန်အတွက် တရားရုံးသို့ နံနက် ၈ နာရီဝန်းကျင်ကတည်းက မသိမသာ ဝင်ရောက်ခဲ့သည်။ အိန္ဒိယနိုင်ငံတွင် တရားရုံးကြားနာ စစ်ဆေးမှုများသည် ပုံမှန်အားဖြင့် နောက်ကျမှ စတင်လေ့ရှိသည်။

ခန်း၏ ရှေ့နေအဖွဲ့က ၎င်းတို့၏အယူခံဝင်မှုအတွက် ပြင်ဆင်ရန်အချိန် ပိုမိုတောင်းခံခဲ့သောကြောင့် တရားသူကြီးက စစ်ဆေးမှုကို လျင်မြန်စွာပင် ရွှေ့ဆိုင်းပေးလိုက်သည်ဟု သိရသည်။ ထို့ကြောင့် ထောင်ဒဏ် ငါးနှစ် ချမှတ်မှုအတွက် အယူခံဝင်ရန် ဆွေးနွေးခြင်းများကို ဇူလိုင် ၁၇ ရက်တွင် ပြန်လည်စတင်မည်ဟု သိရသည်။ တရားလိုဘက်ကမူ ထိုအယူခံဝင်မှုကို ကန့်ကွက်မည်ဟု ဆိုထားသည်။

နှစ် ၂၀ ကြာမြင့်ပြီဖြစ်သော ထိုအမှုတွင် အခြားသရုပ်ဆောင်လေးဦးကို တရားသေ လွှတ်ပေးလိုက်ပြီး ဆယ်မန်ခန်းကိုမူ အပြစ်ရှိကြောင်း ဧပြီ ၆ ရက်က စီရင်ချက်ချခဲ့သည်။ ခန်းသည် ဂျော့ပါဗဟိုအကျဉ်းထောင်တွင် နှစ်ရက်ကြာနေခဲ့ပြီးမှ တရားသူကြီးတစ်ဦးက အာမခံပေးသဖြင့် မွမ်ဘိုင်းသို့ ပြန်လာနိုင်ခြင်း ဖြစ်သည်။ မွမ်ဘိုင်းသည် ဒေါ်လာ ဘီလျံနှင့် ချီတန်ဖိုးရှိသော ဟိန္ဒူရုပ်ရှင်လုပ်ငန်းကြီး၏ အခြေစိုက်ရာနေရာဖြစ်သည်။

၂၀၀၂ ခုနှစ်ကလည်း ခန်းရှိနေသော ကားတစ်စီးကို လူအများအပြားက စုပြုံတိုးနေကြစဉ် ထိုကားသည် ပလက်ဖောင်းတွင် အိပ်နေသော အိမ်ခြေမဲ့တစ်ဦးကိုတိုက်မိပြီး ထိုလူမှာ သေဆုံးသွားခဲ့သည်။ ထိုအမှုတွင်လည်း ဆယ်မန်ခန်းသည် လူသတ်မှုမြောက်သည်ဟု ဆုံးဖြတ်ခံရပြီး ထောင်ဒဏ်ငါးနှစ် ချမှတ်ခံခဲ့ရသည်။

Most Read

Most Recent