Avengers: Infinity War ဇာတ်ကား ဖြန့်ချိပြီး ၁၁ ရက်အတွင်း ဝင်ငွေ ဒေါ်လာ တစ်ဘီလျံအထိ စံချိန်တင် ရရှိ

Avengers: Infinity War ဇာတ်ကား ဖြန့်ချိပြီး ၁၁ ရက်အတွင်း ဝင်ငွေ ဒေါ်လာ တစ်ဘီလျံအထိ စံချိန်တင် ရရှိ
Published 7 May 2018

ဒစ္စနေ၏ စူပါဟီးရိုးဇာတ်ကား Avengers: Infinity War  သည် ဖြန့်ချိပြီး ၁၁ ရက်အတွင်း ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ တစ်ဘီလျံအထိ စံချိန်တင်ရရှိခဲ့သည်ဟု ဒစ္စနေစတူဒီယိုက မေ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Iron Man ၊ Spider Man  ၊ Black Panther ၊  Thor  ၊ Guardians of the Galaxy အပါအဝင် စူပါဟီးရိုးဇာတ်ကောင် ၂၀ ကျော် ပါဝင်သည့် ယင်းဇာတ်ကားသည် ၂၀၁၅ ခုနှစ်က ဖြန့်ချိခဲ့သည့် ှ Star Wars: The Force Awakens ဇာတ်ကား  ဝင်ငွေ ဒေါ်လာတစ်ဘီလျံရရှိသည့် ရက်ထက် တစ်ရက် စောပြီး ဒေါ်လာ တစ်ဘီလျံ စံချိန်တင်ရရှိခဲ့ခြင်းဖြစ်သည်။ Avengers: Infinity War သည် မာဗယ်စတူဒီယိုအတွက် ဒေါ်လာတစ်ဘီလျံ ရရှိသည့် ဆဋ္ဌမမြောက် ဇာတ်ကားနှင့် ဝေါဒစ္စနေအတွက် ဒေါ်လာ တစ်ဘီလျံ ရရှိသည့် ၁၇ ခုမြောက် ဇာတ်ကားဖြစ်သည်။ ယင်းဝင်ငွေစာရင်းတွင် ကမ္ဘာ့ဒုတိယအကြီးဆုံး ရုပ်ရှင်ဈေးကွက်ဖြစ်သော တရုတ်နိုင်ငံမှရရှိသည့် ဝင်ငွေ မပါဝင်သေးပေ။  Avengers: Infinity War ဇာတ်ကားကို တရုတ်တွင် မေ ၁၁ ရက်မှသာ ဖြန့်ချိမည်ဖြစ်သည်။      ယင်းဇာတ်ကားသည် ပြီးခဲ့သည့် သီတင်းပတ်တွင်လည်း ပွဲဦးထွက် ဝင်ငွေအများဆုံးရရှိသည့် ဇာတ်ကားအဖြစ် စံချိန်တင်ခဲ့သည်။ Avengers: Infinity War  ဇာတ်ကားသည် ဖြန့်ချိပြီး ၁၁ ရက် အတွင်း Wonder Woman ၊ Batman v Superman: Dawn of Justice၊ Guardians of the Galaxy၊ X-Men: Days of Future Past နှင့် Justice League ဇာတ်ကားများ၏ ဝင်ငွေ ကို ကျော်တက်ခဲ့သည်။ သို့သော် Avengers: Infinity War  သည် Black Panther ဇာတ်ကား၏ ဝင်ငွေကို မီရန် အလှမ်းဝေးနေသေးသည်။

အင်အားကြီးသည့်ဂြိုဟ်သား  Thanos က Infinity Stones ဟု ခေါ်ဆိုသည့် စွမ်းအင်ကျောက်တုံး ခြောက်တုံးကိုစုစည်းပြီး ကမ္ဘာကို ဖျက်ဆီးရန်ကြံရွယ်မှုအား စူပါဟီးရိုးများက စုပေါင်းဟန့်တားသည့်အကြောင်း ဒါရိုက်တာအန်ထိုနီရပ်စ်ဆိုနှင့် ဂျိုးရပ်စ်ဆိုတို့ ရိုက်ကူး ထားသည့် ယင်းဇာတ်ကားတွင် ရောဘတ်ဒေါင်းနင်းဂျူနီယာ၊ ဘင်နီဒက်ကမ်ဘာဘာ့ချ်၊ စကားလက်ဂျိုဟန်ဆင်၊ ခရစ်ဟမ်းစ်ဝါ့သ်၊ မက်ရက်ဖ်ဖလို၊ ခရစ်အီဗန်၊ တွမ်ဟော်လန်၊ဇိုးဆယ်ဒါနာ၊ အလိဇဘတ်အိုလ်ဆန်၊ အန်တိုနီမက်ကီ၊ပေါလ်ဘတ်တနီ၊ ခရစ်ပရတ်တို့က အဓိက ဇာတ်ကောင်များအဖြစ် ပါဝင်ထားသည်။

Most Read

Most Recent