The Voice Myanmar သီချင်းဆိုပြိုင်ပွဲ၏ Coach လေးဦးနှင့် တွေ့ဆုံခြင်း

The Voice Myanmar သီချင်းဆိုပြိုင်ပွဲ၏ Coach လေးဦးနှင့် တွေ့ဆုံခြင်း
Published 2 May 2018

'ဒီပြိုင်ပွဲကနေ အဆိုပညာကျွမ်းကျင်တဲ့ Talent ရှိတဲ့တစ်ယောက်ကို မွေးထုတ်ပေးဖို့ပါ။ ဘယ်သူ့ဆီက ထွက်ထွက်ပါ'

နိုင်ငံတကာသီချင်းဆိုပြိုင်ပွဲများအား တရားဝင်ခွင့်ပြုချက်ရယူကာ ပြည်တွင်းတွင်လည်း လူငယ်မျိုးဆက်သစ် ဂီတပညာရှင်များပေါ်ထွက်လာစေရန် ကျင်းပလျက်ရှိရာ၌ လက်ရှိတွင် ပရိသတ် စိတ်ဝင်စားမြင့်တက်လျက်ရှိသော The Voice Myanmar သီချင်းဆိုပြိုင်ပွဲ၏ Coach များအဖြစ် ဆောင်ရွက်လျက်ရှိသော တေးသံရှင်ကျားပေါက်၊ လင်းလင်း၊ ရန်ရန်ချန်း၊ နီနီခင်ဇော်တို့နှင့်တွေ့ဆုံ၍ ပြိုင်ပွဲဝင်များအတွက် လေ့ကျင့်ပြင်ဆင်ပေးထားမှုများ၊ ပြိုင်ပွဲအပေါ် သုံးသပ်ချက်များအားမေးမြန်းဖြစ်ခဲ့ပါသည်။

 

■ မေး- The Voice Myanmar  မှာ အခု Live စပြိုင်နေပြီဆိုတော့ Live အတွက် ပြင်ဆင်ထားမှုတွေ ပြောပြပေးလို့ရမလား။

ကျားပေါက် - ကျွန်တော်က Live အတွက် ပါဖောမန့်စ်တို့၊ အဝတ်အစားတို့ထက် သီချင်းဆိုတဲ့အပိုင်းကိုပဲ များများပိုပြီး လေ့ကျင့် ပြင်ဆင်ပေးထားပါတယ်။

ရန်ရန်ချန်း - တချို့ပြိုင်ပွဲဝင်တွေအတွက်ပါ ဖောမန့်စ်ထည့်ရတာတွေရှိတယ်။ သူတစ်ယောက်တည်း ကြောင်နေနိုင်တဲ့သီချင်းမျိုး တွေ၊ ပါဖောမန့်စ်ပါမှ အဆင်ပြေနိုင်တာမျိုး တွေမှာပေါ့။

နီနီခင်ဇော်- နီနီနဲ့ ကိုရန်ချမ်းနဲ့က နည်းနည်းဆင်မယ်။ အကပါတဲ့သီချင်းလေးတွေကို တွဲဖက်တင်ဆက်နိုင်အောင် ပြင်ဆင်ထားပါတယ်။ သူတို့သီချင်းတွေနဲ့ လိုက်ဖက်တဲ့ Audio ပိုင်း၊ Lighting ပိုင်းတွေ ပြင်ဆင်ပေးထားပါတယ်။ Performer ကောင်းတစ်ယောက်ဖြစ်အောင် ပြင်ဆင်ပေးထားသလို သီချင်းဆိုတဲ့အပိုင်းမှာလည်း Coach တစ်ဦးချင်းစီက အကောင်းဆုံးလေ့ကျင့်ပေးထားပါတယ်။

 

■ မေး- Battle မှာ ဘယ်လို အခက်အခဲတွေ ကြားကရွေးချယ်ခဲ့ရလဲ။

ကျားပေါက် - ကျွန်တော်တို့က လူနှစ်ယောက် ရဲ့ Ability ကို ၂ နဲ့စားပြီး ဆုံးဖြတ်ရတယ်။ တစ်လျှောက်လုံး သူတို့နဲ့အတူနေတော့ သူတို့ကို သိတယ်။ ဘယ်လိုသီချင်း ရွေးပေးပေမယ့် အဆင်မပြေနိုင်တာ သိတယ်။ လူနှစ်ယောက်ကို တွဲပေးတယ်ဆိုတာလည်း တစ်ယောက်နဲ့တစ်ယောက် အရည်အချင်းညီတဲ့သူတွေက တွဲပေးထားတယ်။

လင်းလင်း - ကျွန်တော်တို့က လုပ်ပြနိုင်တာ၊ Train ပေးနိုင်သလောက်ပေါ့။ သိသလောက် တတ်သလောက်တော့ လုပ်ပေးတယ်။ ရာခိုင်နှုန်းအများစုက သူတို့အပေါ်ပဲ မူတည်တယ်။ တစ်ယောက်ချင်းစီရဲ့ ကြိုးစားအားထုတ်မှု၊ စိတ်ထည့်မှုဆိုတာ တစ်ယောက်နဲ့ တစ်ယောက်မတူဘူးလေ။ တွဲပေးတာကတော့ ရေပြင်ညီပါပဲ။

ရန်ရန်ချန်း - တစ်ယောက်နဲ့ တစ်ယောက်  အားလုံး လိုက်ဖက်ညီနေဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး။ နောက်တစ်ခုက Battle အတွက်ချည်းပဲ စဉ်းစားခဲ့တာ မဟုတ်ဘူး။ နောက်အဆင့်အားလုံးအတွက်ပါ ထည့်စဉ်းစားခဲ့တာ။ တချို့အပုဒ်မှာ Battle ဖြစ်တဲ့အတွက် တစ်ယောက်က သာတယ်ဆိုတာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်။ Coach အနေနဲ့ကတော့ သူတို့နဲ့အနီးစပ်ဆုံးနေလာတာ ဖြစ်တဲ့အတွက် သူတို့ရဲ့အားသာချက် အားနည်းချက် အကုန်သိတယ်။ တချို့ဟာတွေက လုပ်ယူလို့ မရတော့ဘူးလေ။

နီနီခင်ဇော် - Battle Round ဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် အတိုးအလျှော့တော့ လုပ်ပေးရတယ်။ ၂ နဲ့ပဲ အကုန်စားလိုက်ရတယ်။ အခု Live တက်သွားတဲ့အခါ နီနီတို့ ဘာကြောင့် သူတို့ကိုရွေးချယ်ခဲ့လဲဆိုတာ သိမှာပါ။ သီချင်းရွေးချယ်မှုကအစ အနီးကပ် ဆွေးနွေးတိုင်ပင်ပြီးတော့မှ ရွေးချယ်ထားတာဖြစ်တယ်။ လိုအပ်တဲ့ Arrangement တွေကိုလည်း Coach တစ်ယောက်ချင်းစီက ယှဉ်ပြိုင်ရသလို သေချာပံ့ပိုးပေးထားပါတယ်။ သူတို့ကြိုက်တဲ့ Music ကိုလည်း ရွေးချယ်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။

 

■ မေး - Coach အချင်းချင်း ယှဉ်ပြိုင်ရတဲ့အပိုင်းမျိုးလည်းဖြစ်နေတော့ တစ်ယောက်ချင်းစီက ကိုယ့်ပြိုင်ပွဲဝင်တွေကို Train ပေးရာမှာ ပိုပြီးတာဝန်ကြီးနေမလား။

လင်းလင်း - ပရိုဂရမ်တစ်ခုအနေနဲ့တော့ Coach တွေက တစ်ယောက်နဲ့ တစ်ယောက် ပြိုင်ရတဲ့သဘောတွေရှိတယ်။ ပရိုဂရမ်ရဲ့ သဘောတရားအရ အရမ်းညီညွတ်နေရင်တောင် ပြိုင်ခိုင်းမှာပဲ။ အဲဒါမှလည်း ပရိသတ်ရဲ့ စိတ်ဝင်စားမှုက ပိုများလာတာကိုး။ ကျွန်တော့် အမြင်နဲ့ပြောရရင်တော့ ကျွန်တော်တို့သိတဲ့တတ်တဲ့ အနုပညာတစ်ခုနဲ့ ဒါကိုပူးပေါင်းပါဝင်တာ။ တစ်ဦးချင်းစီရဲ့ လုပ်နိုင်စွမ်း၊ လုပ်နိုင်အားတွေကို မျှဝေပေးတာပဲရှိတယ်။

ကျားပေါက် - ကျွန်တော်ကတော့ ပြိုင်တယ်လို့ ဘယ်တော့မှသဘောမထားဘူး။ ဘယ်ပြိုင်ပွဲမှလည်း မနိုင်ဖူးဘူး။ ကျွန်တော့်အတွက် ဒီပွဲကဘယ်လို Enjoy ဖြစ်စေမလဲဆိုတာ အဓိကပဲ။

ရန်ရန်ချန်း - ဒါကိုပြိုင်တယ်လို့ လုံးဝသဘောမထားဘူး။ကိုယ့် Team အသီးသီးကို အဲဒီလိုပဲထားတယ်။ ပျော်ပျော်ပါးပါး နေခိုင်းတယ်။

နီနီခင်ဇော် - နီနီတို့အားလုံးရဲ့ Mission က တစ်ခုတည်းပါ။ ပြိုင်ပွဲကနေ အဆိုပညာ ကျွမ်းကျင်တဲ့ Talent ရှိတဲ့ တစ်ယောက်ကို မွေးထုတ်ပေးဖို့ပါ။ ဘယ်သူ့ဆီက ထွက်ထွက်ပါ။

 

■ မေး - အခုပြိုင်ပွဲဝင်တွေကို ပြိုင်ပွဲပြီးသွားတဲ့အခါမှာရော အနုပညာလုပ်ငန်းတွေအတွက် တွဲခေါ်ပေးသွားဖို့ အစီအစဉ်မျိုးတွေရော ရှိမလား။

လင်းလင်း - အဲဒါက သူတို့အပေါ်မူတည်တယ်။ အဲဒီလို တွဲခေါ်နိုင်မယ့်ကြိုးစားမှုမျိုး၊ Creation မျိုးတွေ့ရင် တွဲခေါ်သွားဖို့အဆင်သင့်ပဲ။ ဒီကမှမဟုတ်ဘဲ အပြင်မှာ မရှိရှိတဲ့သူကိုလိုက်ရှာပြီးသီချင်းတွေဆိုခိုင်း၊ အခွေ တွေထုတ်ပေးဆိုတာတွေ ရှိနေတာပဲလေ။ သူတို့ Creation နဲ့ ကျွန်တော်တို့နဲ့သာ ထပ်တူကျမယ်ဆိုရင် ဒီပြိုင်ပွဲကမှ မဟုတ်ဘူး။ အပြင်ကလူတွေထဲကလည်း ခေါ်တာမျိုး တွေ ရှိပြီးသားလေ။ အခုလည်း ဒီလိုပါပဲ။

ရန်ရန်ချန်း - ကျွန်တော့် Team ထဲက တစ်ယောက်ဆိုရင် Battle မှာ ပြုတ်သွားတယ်။ ဒါပေမဲ့ လင်းလင်းက အပြင်မှာလုပ်ဖို့ခေါ်ထားတယ်။ ဒီကနေတွေ့လည်း လုပ်ပေးမှာပါ။

 

■ မေး - အခုလက်ရှိ ကိုယ့်အဖွဲ့မှာရှိနေတဲ့ ပြိုင်ပွဲဝင်တွေအပေါ် အမြင်ဆိုရင်ရော။

လင်းလင်း - ကျွန်တော်က Vote ယဉ်ကျေးမှုကို နားမလည်ဘူး။ ကျွန်တော်တို့ သင်ပြပေးနိုင်တာသည် Music နဲ့ပတ်သက်တာပဲဖြစ်တယ်။ ပရိသတ်ကဘယ်လိုဆိုရင် Vote ပေးမလဲဆိုတာ သိပ်နားမလည်ဘူး။

ရန်ရန်ချန်း - ကျွန်တော် ပရိသတ်အားလုံးကို Request တစ်ခု လုပ်ချင်ပါတယ်။ Blind Audition မှာ ကျွန်တော်တို့ အသံတစ်ခု တည်းနားထောင်ခဲ့သလိုပဲ အခု Live မှာ ပရိသတ်အားလုံးလည်း Blind Audition လုပ်ကြည့်ကြပါ။ Vote ကိုလည်း နှလုံးသားနဲ့ပေးပါလို့။

နီနီခင်ဇော်- အခ ုနီနီတို့အားလုံးက Coach တွေ ကိုယ်စီဖြစ်ကြပြီးတော့ ပရိသတ်အားလုံးက Judge တွေဖြစ်ကြပါတယ်။

ကျားပေါက်- ကျွန်တော်တို့က Assist လုပ်ရုံပဲ။ ပရိသတ်မကြိုက်တဲ့သူ နှစ်ယောက်ထဲကမှ ကျွန်တော်တို့က ဘယ်သူ့ကို အကောင်း ဆုံးပြန်ပြုပြင်ပေးနိုင်မလဲဆိုတာ စဉ်းစားပြီး ရွေးချယ်ရတာ။ အဲဒါကြောင့် ပရိသတ်အားလုံးရဲ့ရွေးချယ်မှုကလည်း အရေးကြီးပါတယ်။

Most Read

Most Recent