<

တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြား ထင်ရှားခဲ့သည့် တေးသံရှင်ကြီး ပလေးဘွိုင်း သန်းနိုင်၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲ Yangon Yangon Bar တွင်ပြုလုပ်

■ ဓာတ်ပုံ – နေ၀န်းထက်

တေးသံရှင်ကြီး ပလေးဘွိုင်းသန်းနိုင်၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ ဆာကူရာတာဝါရှိ Yangon Yangon Bar ၌ ဧပြီ ၂၉ ရက်ညပိုင်းတွင် ပြုလုပ်ခဲ့ပြီး ပလေးဘွိုင်းသန်းနိုင်ကို အစဉ်တစိုက် အားပေးခဲ့ကြသည့် ပရိသတ်များ လာရောက်ကြည့်ရှု အားပေးခဲ့သည်။

ဧပြီ ၂၉ ရက် ညပိုင်းတွင် ၁၉၇၀ ခုနှစ် ၀န်းကျင်ကာလများက လူငယ်ဘ၀ကို ဖြတ်သန်းခဲ့ကြသူများအား ဆန်းသစ်သည့် ဂီတဖန်တီးသီဆိုမှုပုံစံများဖြင့် ဖမ်းစားနိုင်ခဲ့သည့် ပလေးဘွိုင်သန်းနိုင်၏ ဖျော်ဖြေပွဲပြုလုပ်မည့် Yangon Yangon Bar ၌ အမာခံပရိသတ်များက ပလေးဘွိုင်သန်းနိုင် ဖျော်ဖြေမည့်အချိန်ကို စောင့်စားနေခဲ့ပြီး ထိုအချိန်အတွင်း ပလေးဘွိုင်သန်းနိုင်၏ ရင်းနှီးသော ဂီတအနုပညာရှင်များက ပရိသတ်များကို အကြိုဖျော်ဖြေမှုများ ပြုလုပ်ပေးခဲ့သည်။

လာရောက်သူပရိသတ်များနှင့် ဖျော်ဖြေသူ ဂီတအနုပညာရှင်များအကြား အပေးအယူမျှမျှဖြင့် ဖျော်ဖြေပွဲကို တင်ဆက်ခဲ့ပြီး တစ်ကိုယ်တော်ဖျော်ဖြေပွဲ၏ အဓိကတေးသံရှင်ကြီး ပလေးဘွိုင်းသန်းနိုင်က ည ၉ နာရီခွဲကျော်ခန့်တွင် စတင်ဖျော်ဖြေခဲ့သည်။

ပလေးဘွိုင်းသန်းနိုင်က သူ၏ နာမည်ကျော်တေးသီချင်းများစွာတို့ဖြင့် လာရောက်သည့် ပရိသတ်များကို စိတ်ကြိုက်ဖျော်ဖြေခဲ့ပြီး ပလေးဘွိုင်းသန်းနိုင်၏ ပရိသတ်များအတွက် ၄င်းတို့၏ငယ်ဘ၀ကို အောက်မေ့စေသည့် ဖျော်ဖြေပွဲဖြစ်ခဲ့ကြောင်း ပရိသတ်တစ်ချို့၏ ပြောကြားမှုအရ သိရသည်။

ဖျော်ဖြေပွဲတွင် ပလေးဘွိုင်းသန်းနိုင်၏ ဖိတ်ခေါ်မှုနှင့်အတူ နာမည်ကျော် ဂီတအနုပညာရှင်ကြီး ဇော်ဝင်းရှိန်ကလည်း တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ပြီး ပလေးဘွိုင်းသန်းနိုင် သီဆိုဖျော်ဖြေနေစဉ်တွင်လည်း ၄င်းက ဒရမ်တီးခတ်ပေးခဲ့သည်။

ပလေးဘွိုင်း သန်းနိုင်၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ဧပြီ ၂၉ ရက် ည ၉ နာရီခွဲကျော်မှ ၁၁ နာရီကျော်ထိ ပြုလုပ်ခဲ့ပြီး ပလေးဘွိုင်းသန်းနိုင်၏ ပရိသတ်များအတွက် အမှတ်တရဖြစ်ခဲ့သည့် ဖျော်ဖြေပွဲဖြစ်ခဲ့ကြောင်း သိရသည်။

April 29, 2018














Copy Protected by Chetan's WP-Copyprotect.