မာဗယ်စူပါဟီးရိုးများစွာ ပါဝင်သည့် Avengers: Infinity War ဇာတ်ကားကို ဧပြီ ၂၇ ရက်တွင် ပြသမည်

မာဗယ်စူပါဟီးရိုးများစွာ ပါဝင်သည့် Avengers: Infinity War ဇာတ်ကားကို ဧပြီ ၂၇ ရက်တွင် ပြသမည်
Published 26 April 2018

မာဗယ်စူပါဟီးရိုးများ အစုလိုက်အပြုံလိုက် ပါဝင်သရုပ်ဆောင်ထားသည့် Avengers: Infinity War ဇာတ်ကားကို ဧပြီ ၂၇ ရက်တွင် အမေရိကန်၌ ပြသမည် ဖြစ်သည်။

မာဗယ်ကာတွန်းစာအုပ်တွင် ပါဝင်သည့် Iron Man ဇာတ်ကောင်ကို အဓိကထား ရိုက်ကူးထားသည့် ဇာတ်ကားကို ရုပ်ရှင်ပရိသတ်များကို မိတ်ဆက်ပေးခဲ့ပြီးနောက် ၁၀ နှစ်နီးပါးအကြာတွင် အလွန်မျှော်လင့် စောင့်စားနေသော Avengers: Infinity War ဇာတ်ကားကို မာဗယ်စတူဒီယိုက ယခုသီတင်းပတ်တွင် ကမ္ဘာတစ်ဝန်းရှိ ရုပ်ရှင်ရုံများ၌ ပြသမည်ဖြစ်သည်။

ယင်းဇာတ်ကားသည် ၂၀၁၈ ခုနှစ်တွင် ဝက်ဝက်ကွဲ အောင်မြင်မှု အရှိဆုံးဇာတ်ကား တစ်ကားဖြစ်လာမည်ဟု ခန့်မှန်းထားသည်။ Marvel Cinematic Universe (MCU) ၏ ၁၉ ခုမြောက် ဇာတ်ကားဖြစ်သည့် Infinity War ဇာတ်ကားတွင် ရောဘတ်ဒေါင်းနင်းဂျူနီယာက Iron Man ဇာတ်ကောင်အဖြစ် လည်းကောင်း၊ ဘင်နီဒက်ကမ်ဘာဘာ့ချ်က Doctor Strange ဇာတ်ကောင်အဖြစ်လည်းကောင်း၊ စကားလက်ဂျိုဟန်ဆင်က Black Widow ဇာတ်ကောင်အဖြစ်လည်းကောင်း၊ သြစတြေးလျသရုပ်ဆောင် ခရစ်ဟမ်းစ်ဝါ့သ်က Thor ဇာတ်ကောင်အဖြစ် လည်းကောင်း ပြန်လည်ပါဝင်ထားသည်။

“စူပါဟီးရိုးဇာတ်ကောင် တစ်ခုချင်းစီကို ပေါ်လွင်အောင် ရိုက်ကူးဖို့အတွက် လပေါင်းများစွာ ဆွေးနွေးခဲ့ရတယ်” ဟု ယင်းဇာတ်ကား၏ ဒါရိုက်တာများဖြစ်သည့် Anthony Russo နှင့် Joe Russo တို့က ပြောကြားခဲ့သည်။

ယင်းဇာတ်ကားများတွင် စူပါဟီးရိုးများ၏ မစ်ရှင်သည် စကြဝဠာကို ဖျက်ဆီးမည့် အင်အားကြီးသည့်ဂြိုဟ်သား Thanos ကို ကာကွယ်တားဆီးရန်ဖြစ်သည်။

ဘီဗာလီဟေးစ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ဒါရိုက်တာများနှင့် သရုပ်ဆောင်များက ယင်းဇာတ်ကား၏ ဇာတ်ညွှန်းအသေးစိတ်ကို ထုတ်ဖော် ပြောကြားခဲ့ခြင်းမရှိပေ။

Avengers: Infinity War ဇာတ်ကားသည် ပွဲဦးထွက်ဖြန့်ချိသည့် သီတင်းပတ်တွင် မြောက်အမေရိက လက်မှတ်ရောင်းချမှုဝင်ငွေဒေါ်လာ သန်း ၂၀၀ မှ ဒေါ်လာ ၂၃၅ သန်းအကြား ရရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

Most Read

Most Recent