ဆော်ဒီအာရေဗျ၏ ပထမဆုံးရုပ်ရှင်ရုံကို Black Panther ဇာတ်ကားဖြင့် ဖွင့်လှစ်

ဆော်ဒီအာရေဗျ၏ ပထမဆုံးရုပ်ရှင်ရုံကို Black Panther ဇာတ်ကားဖြင့် ဖွင့်လှစ်
Published 20 April 2018

Black Panther ဇာတ်ကားတွင် အသုံးပြုခဲ့သည့် ကားနှင့်ဆင်တူသည့် Lexus ကားကို ရုပ်ရှင်ကြည့်ပရိသတ်များက ကြည့်ရှုနေစဉ် (Photo: AP)

ဆော်ဒီအာရေဗျ၏နှစ် ၄၀ နီးပါးအတွင်း ပထမဆုံးရုပ်ရှင်ရုံကို စူပါဟီးရိုးဇာတ်ကား Black Panther ဖြင့် ဧပြီ ၁၈ ရက်တွင် စမ်းသပ် ဖွင့်လှစ်ခဲ့သည်။

ဘုရင်အုပ်ချုပ်သော ကွန်ဆာဗေးတစ်နိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးသမားဖြစ်သည့် အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်၏ Vision 2030 ဟု အမည်ပေးထားသည့် စီးပွားရေး အလုံးစုံပြုပြင်ပြောင်းလဲမှုတစ်ခု အဖြစ်နိုင်ငံအတွင်း ရုပ်ရှင်ရုံများ ပိတ်ပင်ထားမှုကို ပြီးခဲ့သည့်နှစ်က ရုပ်သိမ်းပေးခဲ့ပြီး ရုပ်ရှင်ရုံလုပ်ငန်း လုပ်ကိုင်ရန်အတွက် အမေရိကန်ဧရာမ ဖျော်ဖြေရေးကုမ္ပဏီ AMC Entertainment ကို ပထမဆုံး လိုင်စင်ချပေးခဲ့သည်။

ဆော်ဒီအာရေဗျ၏ လူဦးရေ ၃၂ သန်းကျော်အတွက် ၂၀၃၀ ပြည့်နှစ်မတိုင်မီ ရုပ်ရှင်ရုံ ၃၅၀ ဖွင့်လှစ်ပေးနိုင်မည်ဟု ယဉ်ကျေးမှုဝန်ကြီးဌာနက ခန့်မှန်းခဲ့သည်။

ရုပ်ရှင်ရုံဖွင့်လှစ်သည့် အခမ်းအနားကို အမှုဆောင်များနှင့် တာဝန်ရှိသူများ အပါအဝင် ဧည့်သည် ၅၀၀ ခန့်ကိုသာ အကန့်အသတ်ဖြင့် ဖိတ်ကြားခဲ့ပြီး အများပြည်သူပြသမှုကို မကြာမီ စတင်မည်ဟု AMC က ထုတ်ပြန်ခဲ့သည်။ ဧပြီ ၂၀ ရက်တွင် အများပြည်သူများအား ပထမဆုံး စမ်းသပ်ပြသမှုအတွက် လက်မှတ်များကို ဧပြီ ၁၉ ရက်တွင် စတင်ရောင်းချမည်ဟု AMC အမှုဆောင်အရာရှိချုပ် အဒမ်အာရွန်က ပြောကြားခဲ့သည်။

ရုပ်ရှင်ရုံဖွင့်ပွဲ အခမ်းအနားတွင် အမျိုးသားနှင့် အမျိုးသမီးများအတူ ယှဉ်တွဲထိုင်နိုင်မည်ဟု AMC က ထုတ်ပြန်ခဲ့သည်။ ရုပ်ရှင်ရုံများ တရားဝင် ဖွင့်လှစ်သည့်အချိန်တွင်လည်း အမျိုးသားနှင့် အမျိုးသမီးဟူ၍ သီးခြားခွဲထားမည်မဟုတ်ဘဲ ရုပ်ရှင်ကြည့်ပရိသတ်များကို စိတ်ကြိုက်ရွေးချယ် ထိုင်ခွင့်ပေးမည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျတွင် ထုံးတမ်းစဉ်လာအရ အမျိုးသားများနှင့် အမျိုးသမီးများသည် အများပြည်သူသွားလာသည့် နေရာများတွင် သီးသန့်စီ ရှိနေရမည်ဖြစ်သည်။ ယင်းကန့်သတ်ချက်ကို လျှော့ချပေးခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်မှစပြီး အမျိုးသားနှင့် အမျိုးသမီးများသည် ဂီတပွဲများကို အတူတူထိုင်ပြီး ကြည့်ရှုခွင့် ရရှိခဲ့သည်။

သဘောထားတင်းမာသူ ဘာသာရေး ဆရာများက ရုပ်ရှင်ကြည့်ခြင်းသည် အစ္စလာမ္မမ်ဘာသာနှင့် ကိုက်ညီမှုမရှိဟု ပြောကြားခဲ့ပြီး ၁၉၈၀ ပြည့်လွန်နှစ်များတွင် နိုင်ငံအတွင်းရှိ ရုပ်ရှင်ရုံများကို ပိတ်သိမ်းခဲ့သည်။

ဆော်ဒီအာရေဗျ ရုပ်ရှင်လုပ်ငန်းက လာမည့်နှစ်များအတွင်း ဒေါ်လာ တစ်ဘီလျံခန့် ရရှိမည်ဟု ခန့်မှန်းထားကြောင်း AMC က ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent