အာဂျင်တီးနား-ပြင်သစ်ဒါရိုက်တာ ဂတ်စ်ပါနိုး၏ Climax ဇာတ်ကားကို ကိန်းရုပ်ရှင်ပွဲတော်တွင် ပြသမည်

အာဂျင်တီးနား-ပြင်သစ်ဒါရိုက်တာ ဂတ်စ်ပါနိုး၏ Climax ဇာတ်ကားကို ကိန်းရုပ်ရှင်ပွဲတော်တွင် ပြသမည်
Published 19 April 2018

၇၁ ကြိမ်မြောက် ကိန်းရုပ်ရှင်ပွဲတော်အတွက် ဧပြီ ၁၂ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရုပ်ရှင်ပွဲတော်ဥက္ကဋ္ဌ ပီးယားလက်ကူးဝါးနှင့် အထွေထွေကိုယ်စားလှယ် သီရယ်ဖရီးမောက်တို့ကို တွေ့ရစဉ်

အာဂျင်တီးနား - ပြင်သစ်ဒါရိုက်တာ ဂတ်စ်ပါနိုး၏ Climax ဇာတ်ကားကို မေတွင်ကျင်းပမည့် ကိန်းရုပ်ရှင်ပွဲတော်၏ Director's Fortnight ကဏ္ဍတွင် ပွဲဦးထွက် ပြသမည်ဖြစ်သည်။

ဂတ်စ်ပါနိုးသည် ၂၀၁၅ ခုနှစ် ကိန်းရုပ်ရှင်ပွဲတော်၏ Midnight Screenings ကဏ္ဍတွင်လည်း လိင်အသားပေးဇာတ်ဝင်ခန်းများ ပါဝင်သည့် Love ဇာတ်ကားကို ပွဲဦးထွက် ပြသခဲ့ဖူးသည်။ ယင်းဇာတ်ကားကို ခရစ်ယာန်အဖွဲ့များက ကန့်ကွက်ခဲ့မှုကြောင့် ပြင်သစ်နိုင်ငံရှိ ရုပ်ရှင်ရုံများတွင် ပြသမှုကို ရုပ်သိမ်းခဲ့ရသည်။ Love ဇာတ်ကားသည် ရုရှားတွင်လည်း ပိတ်ပင်ခံခဲ့ရသည်။

၂၀၀၂ ခုနှစ်တွင် အမေရိကန်ဝေဖန်ရေးသမား ရော်ဂျာအက်ဘာ့တ်ဆိုသူက ဂတ်စ်ပါနိုး၏ Irreversible ဇာတ်ကားကို အလွန်ကြမ်းတမ်းပြီး ရက်စက်သည့် ဇာတ်ကားဟု ဝေဖန်ခဲ့မှုကြောင့် အငြင်းပွားမှု ဖြစ်ခဲ့ရသေးသည်။ ယင်းဇာတ်ကားတွင် မိုနီကာ ဘယ်လူချီ မုဒိမ်းကျင့်ခံရသည့် ဇာတ်ဝင်ခန်းကြောင့် ဂတ်စ်ပါနိုသည် ချီးမွမ်းမှုနှင့် တိုက်ခိုက်ခံရမှု နှစ်ခုစလုံးနှင့် ကြုံတွေ့ခဲ့ရသည်။

ယခုနှစ် Director's Fortnight ကဏ္ဍတွင် စပိန်စကားပြောဇာတ်ကားနှင့် ပြင်သစ်ဇာတ်ကားများ လွှမ်းမိုးမည်ဖြစ်သည်။ ယှဉ်ပြိုင်မှုထက် ဇာတ်ကားကောင်းများကို ဖော်ထုတ်ပေးသည့် ယင်းကဏ္ဍတွင် ဂါဇာအကြောင်း ရိုက်ကူးထားသည့် ကြေကွဲဖွယ် မှတ်တမ်းရုပ်ရှင်၊ ဆီးရီးယားရှိ IS အဖွဲ့သို့ဝင်ရန် မွေးရပ်မြေမှ ထွက်ခွာခဲ့သည့် တူနီးရှားလူငယ်တစ်ဦးအကြောင်း ရိုက်ကူးထားသည့် Weldi ဇာတ်ကားနှင့် နီကိုးလက်စ်ကေ့ချ် ပါဝင်ထားသည့် အက်ရှင်သည်းထိတ်ရင်ဖို ဇာတ်ကား Mandy တို့ကိုလည်း ပြသမည်ဖြစ်သည်။

မေ ၈ ရက်မှ ၁၉ ရက်အထိ ကျင်းပမည့် ကိန်းရုပ်ရှင်ပွဲတော်ကို အီရန်ဒါရိုက်တာ အက်ဟာဖာဟာဒီ၏ သည်းထိတ်ရင်ဖိုစိတ္တဇ ဇာတ်ကား Everybody Knows ဖြင့် ဖွင့်လှစ်မည် ဖြစ်သည်။ Director's Fortnight ကဏ္ဍကိုမူ မေ ၉ ရက်တွင် ကိုလံဘီယာဒါရိုက်တာ စီရိုဂွီရာ၏ ဇာတ်ကားသစ်ဖြင့် ဖွင့်လှစ်မည် ဖြစ်သည်။

ယခုနှစ် ကိန်းရုပ်ရှင်ပွဲတော်၏ ဂျူရီအဖွဲ့ကို သြစတြေးလျသရုပ်ဆောင် ကိတ်ဘလန်ချက်က ဦးဆောင်မည်ဖြစ်ပြီး ထိုင်ဝမ်သရုပ်ဆောင် ချောင်ချန်၊ အမေရိကန်ဒါရိုက်တာ အေဗာဒူဗာနေး၊ ပြင်သစ်ဒါရိုက်တာ Robert Guediguian၊ ဘူရွန်ဒီတေးရေး-အဆိုတော် Khadja Nin၊ ပြင်သစ်သရုပ်ဆောင် Lea Seydoux၊ အမေရိကန်သရုပ်ဆောင် ခရစ္စတင်းစတူးဝပ်၊ ကနေဒါဒါရိုက်တာ Denis Villeneuve နှင့် ရုရှားဒါရိုက်တာ Andrey Zvyagintsev တို့က အဖွဲ့ဝင်များအဖြစ် ပါဝင်မည်ဖြစ်သည်။

Most Read

Most Recent