ကျော်ကိုကို ခြောက်လမှ ရှစ်လအထိ အနားယူရမည်ဟု အသင်းအတည်ပြု

ကျော်ကိုကို ခြောက်လမှ ရှစ်လအထိ အနားယူရမည်ဟု အသင်းအတည်ပြု
Published 17 April 2018

ခွဲစိတ်ကုသမှုအပြီးတွေ့ရသည့် ကျော်ကိုကို (Photo - crutd)

ထိုင်းလိဂ်-၁ ကလပ် ချင်းရိုင်ယူနိုက်တက်အသင်းသည် တိုက်စစ်မှူး ကျော်ကိုကို၏ ဒူးဒဏ်ရာအား ပြီးခဲ့သည့် ဧပြီ ၁၁ ရက်က ခွဲစိတ်ကုသမှု ပြုလုပ်ပြီးနောက် ခြောက်လမှ ရှစ်လအထိ အနားယူရမည်ဟု အတည်ပြု သတင်းထုတ်ပြန်ခဲ့သည်။

ချင်းရိုင်ယူနိုက်တက်အသင်း၏ တရားဝင်ဝက်ဘ်ဆိုက်မှ သတင်းထုတ်ပြန်မှုအရ ကျော်ကိုကိုသည် ခွဲစိတ်ကုသမှု အောင်မြင်ခဲ့သော်လည်း ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်သွားရမည်ဖြစ်ကြောင်း၊ ခွဲစိတ်ဆရာဝန်၏အဆိုအရ ခြောက်လမှ ရှစ်လအထိ ဘောလုံးကစားနိုင်မည် မဟုတ်ကြောင်း အစရှိသဖြင့် ရေးသားဖော်ပြခဲ့သည်။ ကျော်ကိုကိုသည် ပြီးခဲ့သည့် ဧပြီ ၇ ရက်က ကစားခဲ့သည့် ပတ္တရားယူနိုက်တက်နှင့်ပွဲတွင် ပွဲကစားချိန် ၇၆ မိနစ်၌ လူစားဝင်ကစားခဲ့ပြီး ငါးမိနစ်အကြာ ၈၁ မိနစ်တွင် ပတ္တရားအသင်းနောက်ခံလူ ဆာရာဝပ်၏ ကြမ်းတမ်းစွာ ဖျက်ထုတ်မှုကြောင့် ယာဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ကျော်ကိုကို၏ဒဏ်ရာမှာ အလွန်ပြင်းထန်သောကြောင့် ချက်ချင်းဆိုသလို ဆေးရုံသို့ တင်ပို့ခဲ့ပြီး ဆေးစစ်မှုပြုလုပ်ခဲ့ကာ ဧပြီ ၁၁ ရက်က ခွဲစိတ်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကျော်ကိုကို၏ဒဏ်ရာမှာ ညာဒူးအရွတ်စုတ်ပြဲခဲ့ခြင်းဖြစ်ပြီး ယခုအခါ အစားထိုးခွဲစိတ်ကုသခဲ့ရကာ ယခုနှစ်ရာသီ ထိုင်းလိဂ်ပြိုင်ပွဲ ပြီးဆုံးချိန်အထိ အနားယူရမည်ဖြစ်သည်။

Most Read

Most Recent