ဟာရီမင်းသားနှင့် မက်ဂန်မာခယ်တို့၏ မင်္ဂလာပွဲသို့ ဖိတ်ကြားခံရသူ စာရင်းတွင် ဒေါ်နယ်ထရန့်၊ ထရီဆာမေနှင့် အိုဘားမားတို့ ပါဝင်ခြင်း မရှိခဲ့

ဟာရီမင်းသားနှင့် မက်ဂန်မာခယ်တို့၏ မင်္ဂလာပွဲသို့ ဖိတ်ကြားခံရသူ စာရင်းတွင် ဒေါ်နယ်ထရန့်၊ ထရီဆာမေနှင့် အိုဘားမားတို့ ပါဝင်ခြင်း မရှိခဲ့
Published 12 April 2018

မေ ၁၉ ရက်တွင်ပြုလုပ်မည့် ဗြိတိန်မင်းသား ဟာရီနှင့် အမေရိကန်သရုပ်ဆောင် မက်ဂန်မာခယ်တို့၏မင်္ဂလာပွဲသို့ ဖိတ်ကြားခံရသည့် ဧည့်သည်စာရင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၊ အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားနှင့် ဗြိတိန် ဝန်ကြီးချုပ် ထရီဆာမေတို့ မပါဝင်ဟု တော်ဝင်နန်းတော်နှင့် ဗြိတိန်အစိုးရအဖွဲ့ သတင်းရင်းမြစ်များက ဧပြီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ဟာရီမင်းသားနှင့် မာခယ်တို့၏ မင်္ဂလာပွဲသည် နိုင်ငံရေးသမားများနှင့် ကမ္ဘာ့ခေါင်းဆောင်များထက် မိတ်ဆွေများနှင့် မိသားစုဝင်များကိုသာ ဖိတ်ကြားထားသည်ဟု ကင်ဆင်တန်နန်းတော်က ထုတ်ပြန်ခဲ့သည်။

“ဟာရီမင်းသားနဲ့ မာခယ်ရဲ့ မင်္ဂလာပွဲကို ဗြိတိန်နဲ့ နိုင်ငံတကာက နိုင်ငံရေးခေါင်းဆောင်တွေကိုမဖိတ်ဖို့ ဆုံးဖြတ်ခဲ့တယ်” ဟု ကင်ဆင်တန်နန်းတော်၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။ ယင်းဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ဗြိတိန်အစိုးရအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးခဲ့သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

မင်္ဂလာပွဲတက်ရောက်မည့်ဧည့်သည်များသည် သတို့သမီး၊ သတို့သားတို့နှင့် တိုက်ရိုက်သိကျွမ်းသူများ၊ ပရဟိတအဖွဲ့အစည်းများကို ဦးစီးလုပ်ဆောင်နေသူများ၊ ဘ၀ ပြောင်းလဲသည်အထိ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် စစ်ပြန်များသာဖြစ်ကြောင်း ကင်ဆင်တန် နန်းတော်က ထုတ်ပြန်ခဲ့သည်။ ဟာရီနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသည့် အမေရိကန်သမ္မတတောင်း ဘာရက်အိုဘားမားသည် မင်္ဂလာပွဲတက်ရောက်မည်ဟု သတင်းများ ထွက်ရှိခဲ့သော်လည်း ကင်ဆင်တန်နန်းတော်ကမူ အိုဘားမားတက်ရောက်မည်မဟုတ်ဟု အတည်ပြုခဲ့သည်။

အလိဇဘတ်ဘုရင်မကြီး၏ မြေး၊ ဝီလျံမင်းသား၏ ညီဖြစ်သူ ဟာရီသည် Suits ဇာတ်လမ်းတွဲဖြင့် လူသိများခဲ့သည့် အမေရိကန်သရုပ်ဆောင် မာခယ်နှင့် ဝင်ဆာရဲတိုက်ရှိ စိန့်ဂျော့ချ်ဝတ်ပြုဆောင်တွင် လက်ထပ်ထိမ်းမြားမည်ဖြစ်သည်။

မင်္ဂလာပွဲကျင်းပမည့်နေရာသည် ၂၀၁၁ ခုနှစ်တွင် ဝီလျံမင်းသားနှင့် ကိတ်မစ်ဒယ် တန်တို့၏ မင်္ဂလာပွဲကျင်းပခဲ့သည့် Westminster ထက် သိသိသာသာကျဉ်းသည်ဟု အစိုးရသတင်းရင်းမြစ်က ပြောကြားခဲ့သည်။ ဝီလျံ၏ မင်္ဂလာပွဲကိုမူ ယင်းအချိန်က ဗြိတိန်ဝန်ကြီးချုပ်ဖြစ်သည့် ဒေးဗစ်ကင်မရွန်၊ အခြားနိုင်ငံရေးသမားများနှင့် သံတမန်များ တက်ရောက်ခဲ့ကြသည်။

Most Read

Most Recent