လူငယ်တေးသံရှင် Mary ၏ ငယ်ဘဝဖြတ်သန်းရာ

လူငယ်တေးသံရှင် Mary ၏ ငယ်ဘဝဖြတ်သန်းရာ
Published 12 April 2018

လူမှုကွန်ရက်အသုံးပြုမှုတွင်ကျယ်လာတာနဲ့အမျှ အနုပညာဖန်တီးမှုတွေ၊ လူငယ်မျိုးဆက်သစ် အနုပညာဖန်တီးသူတွေနဲ့ ခံစားသူပရိသတ်များရဲ့ထိတွေ့ဆက်စပ်နိုင်မှုက ပိုမိုကျယ်ပြန့်လို့လာပါတယ်။ နေ့စဉ် ဖြတ်သန်းမှုအချိန်နာရီ အများစုမှာ လူမှုကွန်ရက်စာမျက်နှာတွေထက် အချိန်ပေးကြတာကလည်း မနည်းလှတာကြောင့် လူမှုကွန်ရက်က ပျံ့နှံ့လာတဲ့အနုပညာဖန်တီးမှုတွေဟာ ပရိသတ်တွေဆီ ပိုလို့လွယ်က ူလျင်မြန်စွာရောက်ရှိလာနိုင်တယ်လို့ ဆိုရမှာပါ။

အသစ်အသစ်သော အနုပညာဖန်တီးမှုတွေကြားထဲမှာ ဖန်တီးမှုအသစ်တစ်ခုနဲ့ စတင်ရောက်ရှိလာသူ လူငယ်တစ်ဦးကတော့ Mary ပဲဖြစ်ပါတယ်။ ‘ဝဲ’ ဆိုတဲ့ တေးသီချင်းလေး တစ်ပုဒ်တည်းနဲ့ ထူးခြားတဲ့အသံ၊ ဆိုဟန်တွေကို သတိပြုနှစ်သက်စေခဲ့တဲ့ တေးသံရှင်တစ်ဦးဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ တေးသံရှင် Mary ပြောပြတဲ့ငယ်စဉ် ဘဝရဲ့ အမှတ်တရပုံရိပ်တချို့ကို ပြန်လည်လက်ဆင့်ကမ်းပေးချင်ပါတယ်။

တေးသံရှင် Mary က ၁၉၉၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာ မွေးဖွားခဲ့သူဖြစ်ပြီး တစ်ဦးတည်းသော သမီးလေးဖြစ်ပါတယ်။ နာမည်ရင်းက Mary စိုး ဖြစ်ပြီး ငယ်စဉ်ဘဝမှာတော့ မြန်မာနိုင်ငံမှာပဲ ကြီးပြင်းလာခဲ့သူဖြစ်ပါတယ်။ သောကြာနေ့မှာမွေးဖွားခဲ့သူဖြစ်ပေမယ့် စကားနည်းသူတစ်ယောက်ပါလို့  Mary က ဝန်ခံခဲ့ပါတယ်။ မိဘများက ပြည်ပနိုင်ငံမှာသွားရောက်နေထိုင်နေပေမယ့် ပြည်တွင်းမှာ ပညာသင်ကြားရင်းကျန်ရစ်ခဲ့သူ Mary ကငါးတန်းအောင်မြင်ပြီးချိန်မှာတော့ ဂျပန်နိုင်ငံမှာနေထိုင်တဲ့ မိခင်ဆီ အလည်သွားရောက်ရာက ပြန်မလာဖြစ်တော့ဘဲ ဆက်လက်နေထိုင်ဖြစ်သွားတယ်လို့ဆိုပါတယ်။ ငယ်ရွယ်စဉ်အချိန်မှာ ဘာသာစကား၊ ဓလေ့ထုံးစံ မတူကွဲပြားတဲ့နိုင်ငံကို သွားရောက်နေထိုင်ခဲ့ရပြီး ပညာ ဆက်လက်သင်ကြားခဲ့ရတဲ့ Mary က ငယ်စဉ်ဘဝရဲ့အတွေ့အကြုံတွေကို အခုလိုပဲ အမှတ်တရဆိုခဲ့ပါ တယ်။

“Mary က ငါးတန်းအောင်ပြီးမှ ဂျပန်မှာ ရုတ်တရက်သွားနေရတာပါ။ စရောက်ကတည်းက ဖိစီးမှုတွေအများကြီးနဲ့ ရင်ဆိုင်ရတယ်။ စာလိုက်နိုင်ဖို့အတွက်လည်း အများကြီးကြိုးစားခဲ့ရတယ်။ ဟိုမှာလည်း အထက်တန်းကျောင်းတွေမှာ အုပ်စုဖွဲ့ပြီး အနိုင်ကျင့်ကြတယ်ဆိုတာတွေ ရှိတယ်။ Mary လည်း အနိုင်ကျင့်ခံရတာမျိုးတွေ ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ အနိုင်ကျင့်ခံရတာတွေကို ဘယ်လိုကျော်လွှားမလဲဆိုပြီး စဉ်းစားတဲ့အခါ ကျောင်းစာမှာ ထူးချွန်အောင်လုပ်မှပဲ အဆင်ပြေမယ်လို့စဉ်းစားမိတယ်။ အဲဒါကြောင့်လည်း အခြားသူတွေထက် ကျောင်းစာပိုတော်အောင် အမြဲတမ်းကြိုးစားဖြစ်ခဲ့တယ်”လို့ Mary က ဆိုပါတယ်။

အထက်တန်းကျောင်းအောင်မြင်ပြီး တက္ကသိုလ် ဆက်လက်တက်ရောက်ခဲ့တဲ့အထိ ကျောင်းစာထူးချွန်အောင်သာ ကြိုးစားခဲ့သလို ဂီတလုပ်ငန်းတွေလည်း မလုပ်ဖြစ်ခဲ့ဘူးလို့ Mary ကဆိုပါတယ်။ အထက်တန်းအထိ ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတွေရှိနေပေမယ့် တက္ကသိုလ်ရောက်လာတဲ့အခါ သူငယ်ချင်းတွေကွဲကုန်ပြီး တက္ကသိုလ်မှာတော့ သူငယ်ချင်းတွေ နည်းသွားတယ်လို့ ဆိုပါတယ်။ Mary ရဲ့ပထမဆုံး ဂီတဝါသနာဖော်ထုတ်မှုအနေနဲ့ Cover Songs လေးတွေ ဆိုဖြစ်ခဲ့တယ်လို့လည်းဆိုပါတယ်။ ဒီနောက်မှာတော့ Mary ကသူနှစ်သက်တဲ့တေးသံရှင်တစ်ဦးဖြစ်တဲ့ Lil’Z ရဲ့ကမ်းလှမ်းမှုနဲ့ ‘မငိုပါနဲ့တော့’ သီချင်းမှာ ပါဝင်သီဆိုဖို့လက်ခံခဲ့ပါတယ်။ ဒီသီချင်းအတွက် Mary တစ်ယောက်တည်း သီဆိုမှုတွေကို အသံသွင်းယူပြီး Lil’Z ဆီ ပို့ပေးခဲ့တာပါ။ ‘မငိုပါနဲ့တော့’ သီချင်းက Mary  ကို ပရိသတ်တွေ ပထမဆုံး စပြီးအသိအမှတ် ပြုစေတဲ့ သီချင်းလေးဖြစ်လာပါတယ်။ ဆက်လက်ပြီးတော့ Mary က သူ့ရဲ့ ပထမဆုံး Single Song ‘ဝဲ’ ကို ကိုယ်တိုင်ရေးသား သီဆိုခဲ့ပါတယ်။

‘‘ဝဲ သီချင်းက Mary ရဲ့ ပထမဆုံးဖန်တီးမှုပေါ့။ သူငယ်ချင်းတစ်ယောက်က သူ့ခံစားချက်ရင်လာဖွင့်တာကို ရေးလိုက်တာ။ Mary ကမြန်မာစကားလုံးတွေ အရမ်းမကြွယ်ဝတော့ အခက်အခဲရှိပါတယ်။ Mary ရေးခဲ့တဲ့ သီချင်းနှစ်ပုဒ်လုံးက ကာရန်ညီတယ်ဆိုတာမျိုး မရှိဘူးလေ။ သိပ်နားမလည်ဘူးပေါ့။ ခံစားရတဲ့အတိုင်းပဲ ရေးလိုက်တာပါ။ ခံစားချက်ကတော့  Mary ဂျပန်မှာနေရတဲ့အခါ မိသားစုကလည်း သုံးယောက်တည်း။ သူငယ်ချင်းကလည်းနည်းတော့ အရမ်းအထီးကျန်ပါတယ်။ အထီးကျန်တဲ့ခံစားချက်ရှိတော့ တစ်ခုခုကိုခံစားမယ်ဆိုရင် လုပ်ယူစရာမလိုဘူး။ သူ့ဘာသာ ခံစားလို့ရတယ်။ ဂီတကို ဖန်တီးမယ်ဆိုတဲ့အခါလည်း အဲဒီလိုပဲခံစားချက်ကိုသွင်းပြီးဖန်တီးခဲ့တာပါ။ ဂီတအမျိုးအစားဆိုတာကိုတော့ Mary မသတ်မှတ်ချင်ဘူး။ အဓိကတော့ ကိုယ်တိုင်က သီချင်းအေးအေး နှေးနှေးတွေကိုကြိုက်တယ်။ ကိုယ်တိုင်ဆိုတဲ့အခါလည်း အေးအေးနှေးနှေး ပုံစံတွေဆိုဖြစ်တဲ့သဘောပါ’’လို့ Mary က ပွင့်ပွင့်လင်းလင်း ဆိုခဲ့ပါတယ်။

ကြားနေကျဂီတဆိုဟန်တွေနဲ့ ကွဲထွက်နေခဲ့တဲ့၊ ထူးခြားတဲ့ အသံကာလာပိုင်ရှင် ကောင်မလေးရဲ့ ‘ဝဲ’ တေးသီချင်းကို အားပေးသူများပြားခဲ့သလို ဝေဖန်တိုက်ခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။ ဒီအခြေအနေတွေ ကြုံတွေ့အပြီးမှာတော့ Mary က Facebook စာမျက်နှာတွေပေါ်က ခဏတာပျောက်ကွယ်သွားပြီး အချိန်ကာလတစ်ခုဖြတ်သန်းပြီးချိန်မှာ ‘Mask ‘ အမည်နဲ့ သီချင်းသစ်တစ်ပုဒ်နဲ့အတူ ပရိသတ်များဆီ တစ်ကျော့ပြန်ရောက်ရှိလို့လာခဲ့ပါတယ်။ Mary ရဲ့ဒုတိယမြောက်တေးသီချင်း ‘Mask’က ပရိသတ်အများအပြား ထပ်မံ လက်ခံအားပေးမှုရရှိခဲ့ပါတယ်။

လူမှုကွန်ရက်ကနေ ပရိသတ်အခိုင်အမာရရှိထားတဲ့ တေးသံရှင် Mary က သြဂုတ်လဆန်းမှာတော့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ပြီး မီဒီယာစာမျက်နှာတွေထက်ကတစ်ဆင့် ပရိသတ်များနဲ့တွေ့ဆုံခဲ့ပါတယ်။ ဒီနောက်မှာတော့ တတိယမြောက် တေးသီချင်းအတွက် တေးသံရှင်ကျားပေါက်နဲ့အတူ ပူးပေါင်းဖန်တီးခဲ့ကြပါတယ်။ Mary က ပရိသတ်များအတွက် အမှတ်တရတစ်ခုအနေနဲ့ စက်တင်ဘာ ၂  ရက်မှာ ပရိသတ် ၁၀၀ ရွေးချယ်တွေ့ဆုံစေခဲ့ပါတယ်။ ပရိသတ်များနဲ့ရင်း နှီးစွာတွေ့ဆုံခဲ့တဲ့အပြင် တေးသီချင်းများဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ Mary နဲ့ပရိသတ်တွေအတွက် အမှတ်တရ ညချမ်းတစ်ခုဖြစ်စေခဲ့ပါတယ်။

တေးသံရှင် Mary က ရှေ့ဆက်လုပ်ဆောင်သွားမယ့် အနုပညာလုပ်ငန်းအနေနဲ့ တစ်ကိုယ်တော်အယ်လ်ဘမ်တစ်ခွေ ဖန်တီးသွားမှာဖြစ်သလို ဒီအယ်လ်ဘမ်မှာ ကိုယ်တိုင်ရေးသီချင်းတွေအပြင် တခြားတေးရေးဆရာတွေရဲ့ဖန်တီးမှုတွေကိုလည်း ထည့်သွင်းသွားချင်တယ်လို့ ပြောပြခဲ့ပါတယ်။ Mary က မွေးရပ်ဇာတိမြေမှာ ပြန်လည်လာရောက်နေထိုင်နေပြီဖြစ်သလို ဖျော်ဖြေပွဲတွေမှာလည်း ပါဝင်လျက်ရှိနေပါတယ်။ အခုနှစ် သြင်္ကန်ကာလမှာလည်း  တေးသီချင်းတွေသီဆို ဖျော်ဖြေရင်းဖြတ်သန်းဖို့စီစဉ်ထားပါတယ်။

ဒီတစ်ပတ်မှာဖတ်ရှုခဲ့ကြရတာကတော့ လူငယ်တေးသံရှင် Mary ရဲ့ စိတ်ဝင်စားဖွယ် ငယ်စဉ်ဘဝရဲ့အမှတ်တရပုံရိပ်တွေနဲ့ ဂီတလောကထဲရောက်ရှိ ဖြတ်သန်းလာခဲ့တဲ့ အမှတ်တရတချို့ပဲဖြစ်ပါတယ်။ အနေအေးဆေးပြီး စကားနည်းပေမယ့် မိမိရည်ရွယ်ရာပန်းတိုင်ကို အခက်အခဲတွေကြားက တစ်လှမ်းချင်း လျှောက်လှမ်းနေသူတစ်ဦးလည်းဖြစ်ပါတယ်။ ပင်ကိုအရည်အချင်းကို တစ်ဆင့်ထက်တစ်ဆင့်မြှင့်တင်ပြီး မိမိလိုရာခရီးကို ပြီးမြောက်အောင်မြင်ဖို့ စိတ်စွမ်းအားထက်သန်သူတစ်ယောက်လို့လည်း ဆိုရပါမယ်။ နောက်တစ်ပတ်တွေမှာလည်း ပရိသတ် ချစ်ခင်အားပေးမှုရရှိထားတဲ့ ဘယ်အနုပညာရှင်ရဲ့ စိတ်ဝင်စားဖွယ်ငယ်စဉ်ဘဝရဲ့ပုံရိပ်တွေကို ဖော်ပြပေးဦးမယ်ဆိုတာ ဆက်လက် စောင့်မျှော်ပေးကြပါဦးလို့။

Most Read

Most Recent