<

သရုပ်ဆောင်အကယ်ဒမီပိုင်ဖြိုးသု ယခုနှစ်သင်္ကြန်အတက်နေ့တွင် ရန်ကုန်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်၌ ဖျော်ဖြေတင်ဆက်မည်

သရုပ်ဆောင်အကယ်ဒမီ ပိုင်ဖြိုးသုသည် ယခုနှစ်သင်္ကြန်အတက်နေ့တွင် ရန်ကုန်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်၌ ဖျော်ဖြေတင်ဆက်ရန်စီစဉ်ထားသည်ဟု သိရသည်။ ရန်ကုန်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် ဖျော်ဖြေရေးအစီအစဉ်များတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှစီစဉ်မှုဖြင့် ရုပ်ရှင်အနုပညာရှင်များ ပါဝင်ဖျော်ဖြေရန်စီစဉ်ထားခြင်းဖြစ်ပြီး အကယ်ဒမီပိုင်ဖြိုးသုအား အတက်နေ့တွင်ဖျော်ဖြေစေရန် စီစဉ်ထားခြင်း ဖြစ်သည်။

“ရုပ်ရှင်အစည်းအရုံးကလူကြီးတွေက သင်္ကြန်အတက်နေ့ကို ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်မှာ ဖျော်ဖြေပေးဖို့တာဝန်ပေးထားပါတယ်။ သုသုက သီချင်းဆိုတာ သိပ်အဆင်မပြေတဲ့အတွက် နည်းနည်းတော့ စိုးရိမ်မိပါတယ်။ ဒါပေမဲ့ ပရိသတ်တွေနဲ့အတူ သင်္ကြန်မှာဖြတ်သန်းရမှာဖြစ်လို့တော့ ပျော် ပါတယ်။ သင်္ကြန်မှာ သုသုချစ်ရတဲ့ ပရိသတ်တွေအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ ပျော်ရွှင်နိုင်ကြပါစေ။ မြန်မာနှစ်သစ်ကို ရွှင်လန်းချမ်းမြေ့စွာ ကြိုဆိုနိုင်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်” ဟု သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသုက ဆိုသည်။

သရုပ်ဆောင်အကယ် ဒမီပိုင်ဖြိုးသုသည် အကယ်ဒမီရွှေစင်ရုပ် ဆွတ်ခူးရရှိခြင်း အမှတ်တရအဖြစ် ဧပြီ ၇ ရက်တွင် ရန်ကုန်မြို့ ၃၅ လမ်းရှိ ဓမ္မာရုံ၌ ရုပ်ရှင်အစည်းအရုံးမှ အခြေခံဝန်ထမ်း ၂၆ ဦး၊ စက်မှုအလွှာနှင့် ကိုလူချောအဖွဲ့သားများအတွက် တစ်ဦးလျှင် ဆန် ၁၀ ပြည်နှင့် ပဲဆီတစ်လီတာတစ်ဘူးတို့အား ပေးအပ်ခဲ့ကြောင်း သိရသည်။ စက်မှုအလွှာနှင့် ကိုလူချောအဖွဲ့တို့မှ ထိခိုက်ဒဏ်ရာရရှိသူများအတွက် ဆေးကုသမှု အာမခံအစီအစဉ်လည်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိကြောင်း သိရသည်။ သရုပ်ဆောင် ပိုင်ဖြိုးသုသည် ၂၀၁၇ ခုနှစ်အတွက် ပေးအပ်ခဲ့သည့် အကယ်ဒမီထူးချွန်ဆုပေးပွဲတွင် ‘ဘီလူးမသရဲမနှင့် မိန်းမပျို’ ဇာတ်ကားတွင် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

သရုပ်ဆောင်ပိုင်ဖြိုးသုသည် လတ်တလောတွင် ‘ပြန်ပေး’ ရုပ်ရှင်ဇာတ်ကား၌ အကယ်ဒမီရန်အောင်၊ အကယ်ဒမီ လူမင်း၊ အကယ်ဒမီခိုင်သင်းကြည်၊ အခြားအနုပညာရှင်များနှင့်အတူ ပါဝင်ခဲ့ကြောင်း သိရသည်။ ပိုင်ဖြိုးသုသည် သင်္ကြန်ကာလအပြီးတွင်လည်း ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးရန်လက်ခံထားပြီး ၎င်းပါဝင်ထားသည့် ဇာတ်ကားအချို့လည်း ရုံတင်ပြသရန်စီစဉ်ထားကြောင်း သိရသည်။

April 11, 2018














Copy Protected by Chetan's WP-Copyprotect.