သရုပ်ဆောင် အကယ်ဒမီအိန္ဒြာကျော်ဇင်နှင့် တွေ့ဆုံခြင်း

သရုပ်ဆောင် အကယ်ဒမီအိန္ဒြာကျော်ဇင်နှင့် တွေ့ဆုံခြင်း
Published 10 April 2018

မတ် ၂၃ ရက်တွင် ပြုလုပ်ခဲ့သည့် အကယ်ဒမီထူးချွန်ဆုပေးပွဲ၌ 'ရင်ဘတ်ထဲကဓား' ဇာတ်ကားဖြင့် အကယ်ဒမီထူးချွန်ဆုကိုရရှိခဲ့သည့် အကယ်ဒမီအိန္ဒြာကျော်ဇင်က ထုတ်လုပ်သူတစ်ဦးအဖြစ် သုဒြာ ထုတ်လုပ်ရေးကို တည်ထောင်ထားသူဖြစ်သည်။ သုဒြာထုတ်လုပ်ရေး၏ ပွဲဦးထွက်ဇာတ်ကားဖြစ်သော 'Reflection-ရောင်ပြန်' ဇာတ်ကားမှာ မြန်မာနှစ်ဆန်းတစ်ရက်တွင်ရုံတင်ပြသတော့မည်ဖြစ်ပြီး မင်းသား မပါဝင်ဘဲ မင်းသမီးလေး ဦးခေါင်းဆောင်ပါဝင်ထားသည့် အက်ရှင်နှင့် ဖက်ရှင် အသားပေး ဇာတ်ကားဖြစ်သည်။ ထုတ်လုပ်သူ တစ်ဦးအနေဖြင့် ပထမခြေလှမ်းတွင် မြင်တွေ့နေကျမဟုတ်သည့် ဇာတ်လမ်းပုံစံဖြင့် စတင်ရန်ကြိုးပမ်းထားသူ၊ လက်ရှိတွင် ဇာတ်ကား အများအပြား၌ ပါဝင်သရုပ်ဆောင်ဖြစ်ခြင်း မရှိသော်လည်း ရိုက်ကူးခွင့်ရသည့်ဇာတ်ကားတိုင်း၌ အကောင်းဆုံး ကြိုးစားပုံဖော်လေ့ရှိသူ အကယ်ဒမီအိန္ဒြာကျော်ဇင်၏ 'Reflection-ရောင်ပြန်' ဇာတ်ကားနှင့်ပတ်သက်၍ ကြိုးစားထားသည်များ၊ မျှော်လင့်ချက်များ၊ အကယ်ဒမီဆုရရှိခဲ့သည့် အမှတ်တရများအား မေးမြန်းဖြစ်ခဲ့သည်။

 

မေး - သုဒြာထုတ်လုပ်ရေးရဲ့ပထမဆုံး ဇာတ်ကားအနေနဲ့ Reflection က ရုံတင်တော့မယ်ဆိုတော့ ဒီဇာတ်ကားကို ပရိသတ်အားပေးမှုနဲ့ပတ်သက်ပြီး ဘယ်လိုမျှော်လင့်ထားလဲ။

ဖြေ - ပရိသတ်အားပေးမှုကို အရမ်းမျှော်လင့်ပါတယ်။ အူဝဲအနေနဲ့ပြောချင်တာက ဒီဇာတ်ကားက စေတနာနဲ့ ဖန်တီးထားတာပါ။ ဒီလိုလမ်းကြောင်းလေးခွဲပြီး ပရိသတ်တွေကို ကြည့်နေကျ လမ်းကြောင်းကနေ ခွဲထွက်ကြည့်ကြပါစေဆိုတဲ့စေတနာနဲ့ ဖန်တီးထားတာပါ။ ဒီဇာတ်ကားကအားလုံး Perfect ဖြစ်တယ်လို့မပြောပါဘူး။ ဖြစ်ချင်မှလည်းဖြစ်မှာပါ။ ဒါပေမဲ့ အားလုံးကြိုးစားထားကြတယ်။ ရုပ်ရှင်ကားကြီးတွေက သိန်းထောင်ပတ်ချာလည်မှာပဲ ရိုက်ကြတယ်။ ဒါပေမဲ့ အူဝဲအနေနဲ့စေတနာ အရင်းခံပြီးတော့ အကုန်အကျခံပြီးလုပ်ထားတယ်။ တတ်နိုင်သလောက်လေး ကြိုးစားကြည့်တဲ့သဘောပါ။ ပရိသတ် ဝေဖန်တာတွေလက်ခံပါတယ်။ အဲဒီဝေဖန်သံတွေကို လက်ခံပြီးတော့ ဒီထက်မက ကြိုးစားသွားမယ်လို့ပြောချင်ပါတယ်။

မေး - မင်းသမီးတွေချည်းပဲ ခေါင်းဆောင်ပါဝင်တဲ့ ဇာတ်လမ်းအမျိုးအစားလည်းဖြစ်သလို ဖက်ရှင်နဲ့အက်ရှင်အသားပေး ဇာတ်လမ်းဆိုတော့ ပရိသတ်တွေနဲ့ အံဝင်ခွင်ကျ ဖြစ် မဖြစ် စိုးရိမ်စိတ်ရှိလား။

ဖြေ - စိုးရိမ်စိတ်တော့ရှိတယ်။ ရိုက်ခဲ့တုန်းကတော့ အူဝဲက ကိုယ်အရမ်းလုပ်ချင်တဲ့အရာပေါ့နော်။ ပရိသတ်ကိုလည်း ဒီလိုဇာတ်လမ်းပုံစံလေးကို ထူးထူးခြားခြားကြည့်စေချင်တဲ့ စိတ်တစ်ခုနဲ့ ဖန်တီးခဲ့တယ်။ ဒါပေမဲ့ ရုံတင်ခါနီးတဲ့အချိန်မှာ မင်းသားမပါဘဲ မင်းသမီးတွေချည်းပဲပါတာဖြစ်တဲ့အတွက် ပရိသတ်ကြိုက်ပါ့မလား၊ ဇာတ်လမ်းအမျိုးအစားကလည်း မြင်တွေ့နေကျ ဇာတ်လမ်းမျိုးမဟုတ်တဲ့အတွက် လက်ခံပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တော့ရှိတယ်။ ဒါပေမဲ့ အခု Red Carpet Show ပြတဲ့အချိန်မှာလည်း ကြည့်ရတဲ့သူတွေက သဘောကျတယ်။ ပရိသတ်တွေကလည်း ဇာတ်လမ်းပုံစံက ထူးခြားတဲ့အတွက် စိတ်ဝင်စားတယ်။ ဘယ်တော့ရုံတင်မလဲလို့ မေးကြတာလည်းများတော့ နည်းနည်းတော့ စိတ်အေးရတယ်။ အားလည်းရှိလာတယ်။ အားပေးကြည့်ရှုပြီး ဝေဖန်ပေးစေချင်တယ်။ ပရိသတ်ကပေးတဲ့ အားပေးမှုတွေ၊ စေတနာစကားတွေ သေချာနားထောင်ပြီး နောက်ထပ်ပိုကောင်းတဲ့ ဖန်တီးမှုတွေလုပ်သွားမှာပါ။

မေး - ရင်ဘတ်ထဲကဓား ဇာတ်ကားနဲ့ အကယ်ဒမီရခဲ့တယ်။ ၁၃ နှစ်ကြာပြီးမှ တစ်ကျော့ပြန်ရခဲ့တဲ့အကယ်ဒမီနဲ့ ပတ်သက်လို့ ခံစားချက်လေးပြောပါဦး။

ဖြေ - ကိုယ်အရမ်းရချင်တဲ့ဇာတ်ကားနဲ့ ဆုရခဲ့တဲ့အတွက် အရမ်းပျော်ပါတယ်။ ဒီဇာတ်ကားမှာက အရမ်းလည်းပင်ပန်းခဲ့ရတယ်။ ကာရိုက်တာကို စိတ်ထဲမှာထည့်ပြီး လုပ်ခဲ့ရတာပေါ့။ ဒီဇာတ်ကားထဲက လရိပ်ဝေးက သူဌေးတစ်ယောက်ရဲ့ အတွင်းရေးမှူးမလေးပေါ့။သာမန်ဝန်ထမ်းတစ် ယောက်ပုံစံပဲဝတ်ခဲ့တယ်။ ဒါပေမဲ့ ဇာတ်ရုပ်နဲ့လိုက်ဖက်တဲ့ ဝတ်စုံပြင်ဆင်မှုကိုပဲ ဝတ်ဆင်ခဲ့တယ်။ ဇာတ်ရုပ်နဲ့ပတ်သက်လို့ ခံစားမှုကျတော့ ကိုယ်ရိုက်တဲ့ပလော့ပ်၊ ကိုယ်ရိုက်မယ့်ဇာတ်ဝင်ခန်း အဲဒီအပေါ်တွေမှာ တစ်ကားလုံးကို Tempo တွေကိုချိန်သွားတာပေါ့။ စကတည်းက ဒေါသတွေ အရမ်းဖြစ်နေတယ်ဆိုလည်း နောက်ပိုင်းက Tempo သိပ်မြင့်မှာ မဟုတ်တော့ဘူး။ ဒီတော့ အစပိုင်းမှာ ကိုယ့်ခံစားမှုကဘယ်လိုဖြစ်မလဲ၊ အလယ်မှာရောဘယ်လိုဖြစ်မလဲဆိုတာကိုချိန် သွားရတာပေါ့။ ရိုက်တဲ့အခါမှာလည်း တကယ့် Mood ကို ပြင်းပြင်းထန်ထန်ထည့်ရတယ်။ ကိုယ်ကိုယ်တိုင် လရိပ်ဝေးအဖြစ် ခံစားလိုက်တယ်။ အပြင်မှာ ယောကျ်ားတစ်ယောက်က ဒီလိုလုပ်မယ်ဆိုရင် ကိုယ်ဆိုရင် ဘယ်လိုဖြစ်မလဲဆိုတာ တွေးပြီး သရုပ်ဆောင်ခဲ့တာပေါ့။

မေး - အိမ်ထောင်ရေးဇာတ်လမ်းဖြစ်တော့ မုဒ်ပိုပြီး ထည့်လို့အဆင်ပြေတဲ့ဇာတ် ဖြစ်သွားတယ်လို့ပြောလို့ရလား။

ဖြေ - မုဒ်ကထည့်လို့ကောင်းတယ်။ ကိုဝိုင်းရဲ့ ဇာတ်ညွှန်းလည်း အရမ်းကောင်းတာပါတယ်။ ဒိုင်ယာလော့ခ်ကောင်းမှပဲ မုဒ်က ခံစားလို့ကောင်းတာလေ။ တချို့ ဇာတ်ညွှန်းမကောင်းရင် အိုက်တင်လုပ်ရတာဘယ်လိုမှအဆင်မပြေဘူး။ ရန်ဖြစ်တယ်ဆိုရင် ရန်ဖြစ်တဲ့စကားလုံးတွေ ကပြောင်မြောက်နေရမှာလေ။ အဲဒါမှလည်း အဲဒီစကားလုံးတွေအပေါ် ခံစားသရုပ်ဆောင်မှု ကအဆင်ပြေမှာ။ ကိုဝိုင်း ဇာတ်ညွှန်းဆုရသွားတဲ့အပေါ်လည်း အရမ်းပျော်ပါတယ်။ သူ့ဇာတ်ညွှန်းက အရမ်းကောင်းတာကိုး။

မေး - ဘယ် ဇာတ်ဝင်ခန်းတွေကရော အခက်ခဲဆုံးဖြစ်ခဲ့လဲ။

ဖြေ - ရန်ဖြစ်တဲ့ဇာတ်ဝင်ခန်းတွေပေါ့။ ရန်ဖြစ်တဲ့အခါထည့်ရတဲ့ ခံစားချက်က စိတ်ထဲမှာ ကတုန်ကယင်တွေဖြစ်ပြီး ရိုက်ရတဲ့အခါကျတော့ ရိုက်ပြီးသွားတဲ့အခါ ခြေကုန်လက်ပမ်းတွေကျပြီး မောပြီးကျန်ခဲ့တယ်။ အဲဒီလောက်အထိ ခံစားပြီး သရုပ်ဆောင်ခဲ့ပါတယ်။

မေး - ပရိသတ်တွေက မအူဝဲကို အခုချိန်ထိ အရမ်းအားပေးကြတယ်။ အကယ်ဒမီလည်း အရမ်းရစေချင်တယ်။ အဲဒီအပေါ်ပရိသတ်တွေကို ပြောချင်တာများရှိမလား။

ဖြေ - အကယ်ဒမီရခဲ့တယ်ဆိုတာလည်း ပရိသတ်တွေရဲ့အားပေးမှုကြောင့်ပါ။ အများကြီးလည်း မရိုက်တော့တဲ့အချိန်မှာ တစ်ကားဆိုတစ်ကားပဲ ရိုက်တဲ့အချိန်မှာက အင်နဲ့အားနဲ့ပရိသတ်ပေးတဲ့ ခွန်အားနဲ့ကြိုးစားတယ်။ အဲဒီလိုကြိုးစားမှုကြောင့်လည်း ဆုရခဲ့တာပေါ့နော်။ ဒီလိုပဲ အခွင့်အရေးရတိုင်းမှာလည်း အကောင်းဆုံးကြိုးစားပါမယ်။

မေး - နောက်ပိုင်းရော ထပ်ပြီးရိုက်ဖြစ်မယ့် ဇာတ်ကားပုံစံတွေ သတ်မှတ်ထားတာမျိုးရှိမလား။

ဖြေ - အခုနောက်ပိုင်းကတော့ လာပြောတာတွေရှိတယ်။ စိတ်တိုင်းမကျလို့ မရိုက်ဖြစ်တာလည်း ရှိတယ်။ စိတ်တိုင်းကျပြီး လက်လွှတ်လိုက်ရတာလည်း ရှိတယ်။ ကလေးတွေရဲ့ ကျောင်းဖွင့်ချိန်ဆို နယ်လိုက်ဖို့အဆင်မပြေလို့ မလိုက်ဖြစ်တာလည်းရှိတယ်။ ကိုယ်လည်းအဆင်ပြေတဲ့ အချိန်ရိုက်ဖို့ အဆင်ပြေတဲ့ဇာတ်လမ်းမျိုးလေးတွေမှာ ရိုက်ဖြစ်တယ်ပေါ့နော်။ ရိုက်ထားတဲ့ ဇာတ်ကားလေးတွေတော့ ရှိပါတယ်။ ကိုယ်ရိုက်ချင်တာချည်းပဲတော့ မလာဘူးပေါ့။ တစ်ခါ တလေကျတော့ ဒရာမာချည်းပဲ ရွေးလို့မရဘူးလေ။ ဟာသကိုကြိုက်တဲ့ ပရိသတ်လည်းရှိတယ်။  အက်ရှင်ကြိုက်တဲ့ ပရိသတ်လည်းရှိတယ်လေ။ ကိုယ့်အတွက် ဒရာမာချည်းပဲ ရွေးချင်လို့တော့ မရဘူးပေါ့လေ။ အဲဒီတော့ ပရိသတ်ကြိုက်နိုင်မယ့် ဇာတ်လမ်းပုံစံစုံကို ရိုက်ရတာပေါ့။

မေး - Reflection ဇာတ်ကားနဲ့ပတ်သက်ပြီး ပြောချင်တာများ ရှိဦးမလား။

ဖြေ - ပြောချင်တာကတော့ အူဝဲအနေနဲ့ ပရိသတ်တွေအတွက် အမြင်သစ်တစ်ခု ကြည့်ခွင့်ရဖို့ တတ်နိုင်သလောက် ကြိုးစားဖန်တီးထားပါတယ်။ ပရိသတ်တွေကို ဒီဇာတ်ကားလေးကိုအား ပေးကြည့်ရှုစေချင်ပါတယ်။ ဒီဇာတ်ကားနဲ့ပတ်သက်တဲ့ ဝေဖန် အကြံပြု စကားတွေလည်း အူဝဲနားထောင်နေမှာပါ။

Most Read

Most Recent